စီရော်နယ်ဒိုရဲ့ အတူနေချစ်သူ ဂျော်ဂျီနာရိုဒရီဂွတ်ကတော့ ဒီနှစ်ထဲမှာ အမွှာရင်သွေးလေးထဲကတ စ်ဦး သေဆုံးသွားခဲ့တဲ့ ဖြစ်ရပ်ကြောင့် ဘဝမှာ စိတ်အရှုပ်ထွေးရဆုံး အချိန်တွေကို ရင်ဆိုင်နေခဲ့ရတယ်ဆိုပြီး ဖွင့်ဟပြောကြားလာခဲ့ပါတယ်။

စီရော်နယ်ဒိုဆိုတာ ဘလွန်းဒီအော်ဆုကို (၅)ကြိမ်အထိ ရရှိထားတဲ့သူတစ်ယောက် ဖြစ်ပြီး ကမ္ဘာ့ဘောလုံးသမိုင်းမှာ အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက် ဖြစ်တယ်ဆိုတာကို သံသယ ဖြစ်စရာတောင်မလိုပါဘူး။

ဒါပေမဲ့ ပြီးခဲ့တဲ့ လတွေထဲမှာ ဖြစ်ပေါ်သွားခဲ့တဲ့ အဖြစ်အပျက်တွေကတော့ စီရော်နယ်ဒိုတစ်ယောက် ဖြစ်စေချင်တဲ့ ပုံစံ အတိုင်းမဟုတ်ခဲ့ပဲ စီရော်နယ်ဒိုအတွက် အရာရာဟာ အဆိုးဘက်ကိုသာ ဦးတည်နေခဲ့တာ ဖြစ်ပါတယ်။

အသက် (၃၇)နှစ်အရွယ် ရှိနေပြီ ဖြစ်တဲ့ စီရော်နယ်ဒို အနေနဲ မန်ယူနိုက်တက်နဲ့ ဆက်ဆံရေး ပြိုလဲသွားခဲ့ပြီးတဲ့နောက် အသင်းနဲ့ စာချုပ်ဖျက်သိမ်းကာ လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေရတဲ့ ကစားသမားတစ်ယောက် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ပြီးဆုံးသွားခဲ့တဲ့ ကာတာကမ္ဘာ့ဖလားမှာလည်း ပေါ်တူဂီဟာ ကွာတားအဆင့်ကနေ ထွက်ခာခဲ့ရတာ ဖြစ်ပြီး မော်ရိုကိုနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အဆိုပါ ကွာတာဖိုင်နယ်ပွဲစဉ်မှာ စီရော်နယ်ဒိုဟာ အရန်ကစားသမားအဖြစ်သာ ပွဲထွက်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီလို အဖြစ်အပျက်တွေအားလုံးထက် စီရော်နယ်ဒိုအတွက် ပိုခံစားရခက်စေခဲ့တဲ့ အကြောင်းအရာတစ်ခုကတော့ ပြီးခဲ့တဲ့ ဧပြီလတုန်းက ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်က အဓိက ကျခဲ့တယ်လို့ ဂျော်ဂျီနာက ဝန်ခံ ပြောကြားသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလတုန်းက စီရော်နယ်ဒိုနဲ့ အတူနေချစ်သူ ဂျော်ဂျီနာတို့ဟာ အမွှာလေးနှစ်ဦးကို မွေးဖွားခဲ့ကြပါတယ်။ ဒါပေမဲ့ အမွှာလေးနှစ်ဦးထဲက ယောကျ်ားလေး ဖြစ်သူဟာ သေဆုံး သွားခဲ့ရပြီး သမီးလေးသာ အသက်ရှင် ကျန်ရစ်ခဲ့တာ ဖြစ်ပါတယ်။

ပေါ်တူဂီကြယ်ပွင့် အနေနဲ့ သူ့ရဲ့ သားဖြစ်သူ အသက်ဆုံးရှုံးခဲ့ရတဲ့ အကြောင်းကို ဆိုရှယ်မီဒီယာထက်မှာ ဖော်ပြခဲ့ပြီးတော့ မိဘတိုင်းအတွက် အနာကျင်ရဆုံးသော နာကျင်မှု ဖြစ်ခဲ့တယ်လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

စီရော်နယ်ဒိုက ” ငါတို့ရဲ့ သားလေး အသက်ဆုံးရှုံးသွားပြီဆိုတာကို ကြေညာရတာဟာ ငါတို့အတွက် ဝမ်းအနည်းရဆုံးအရာပါပဲ၊ မိဘတိုင်းအတွက် ဒါက အနာကျင်ရဆုံးသော ခံစားမှုပါပဲ၊

ပျော်ရွှင်မှု အချို့နဲ့ မျှော်လင့်ချက် အချို့နဲ့ အတူ ဒီအခိုက်အတန့်ကို ခံနိုင်ရည်ရှိဖို့ ငါတို့ သမီးလေးကသာလျင် ငါတို့ကို ခွန်အားတွေ ပေးပါတယ် ” ဆိုပြီးတော့ သူတို့ရဲ့ သားလေး သေဆုံးကြောင်း စီရော်နယ်ဒိုက ကြေညာသွားခဲ့တာ ဖြစ်ပါတယ်။

ဒီအဖြစ်အပျက်တွေနဲ့နောက်ပိုင်း စီရော်နယ်ဒိုရဲ့ အခြေအနေက ကွင်းအတွင်း ခြေစွမ်းတွေ အပေါ်မှာ ထိခိုက်မှု ရှိလာခဲ့ပြီးတော့ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်လာခဲ့ရတာ ဖြစ်ပါတယ်။

ဒီအခြေအနေတွေကိုလည်း စီရော်နယ်ဒိုရဲ့ အတူနေချစ်သူ ဂျော်ဂျီနာက နာမည်ကြီး သတင်းစာတစ်ခုနဲ့ အင်တာဗျူးမှာ အခုလိုပဲ ပြောကြား သွားခဲ့ပါတယ်။ ဂျော်ဂျီနာက ” ဒီနှစ်က ငါတို့ဘဝရဲ့ အရှုပ်ထွေးဆုံး အချိန်တွေပါပဲ၊

အပျော်ရဆုံး အခိုက်အတန်နဲ့ ဝမ်းအနည်းစရာ အကောင်းဆုံး အခိုက်အတန့် နှစ်ခူလုံးကို တပြိုင်ထဲ ကြုံတွေ့ခဲ့ရတာပါ၊ ဒါက ငါတို့ ဘဝအတွက် ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်တဲ့ တစ်စုံတရာပါပဲ ” လို့ ပြောကြား သွားခဲ့ပါတယ်။

ဆိုတော့ ဒီအဖြစ်အပျက်တွေဟာ စီရော်နယ်ဒိုလို မိသားစုသာ အရာရာဆိုတဲ့ မိသားစုကို ဦးစားပေးတတ်လွန်းတဲ့ လူတစ်ယောက် အတွက်တော့ တော်တော်လေးကို ထိခိုက်မှုကြီးမားစေခဲ့တာ ဖြစ်ပြီး၊ ဘယ်လို ကျရှုံးမှုမျိုးကို မဆို အကောင်းဆုံး ကျော်လွှားနိုင်ခဲ့တဲ့ စီရော်နယ်ဒိုတစ်ယောက် ဒီအဖြစ်အပျက်တွေမှာတော့ တော်တော်လေးကို ထိခိုက်ခံစားခဲ့ရတာပဲ ဖြစ်ပါတယ်။