မန်ယူနိုက်တက်တိုက်စစ်မှူး အန်တိုနီမာရှယ်ဟာ နည်းပြ မော်ရင်ဟိုနဲ့ အိုလီဂန်နာဆိုးလ်ရှားတို့ရဲ့ မန်ယူနိုက်တက် နည်းပြ သက်တမ်းအတွင်း သူ့အားဆက်ဆံပုံတွေကို ဖောက်သည်ချ ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။ မာရှယ်ဟာ မိုနာကိုကနေပြီးတော့ (၂၀၁၅)ခုနှစ်မှာ မန်ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ ဗန်ဂေါလက်အောက် ပထမဆုံးပွဲဦးထွက်ရာသီမှာ သွင်းဂိုး (၁၇)ဂိုး သွင်းယူနိုင်ခဲ့ကာ အက်ဖ်အေဖလားပါ အသင်းနဲ့ ဆွတ်ခူးနိုင်ခဲ့ပြီး ကောင်းမွန်တဲ့ စတင်မှုကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

ဗန်ဂေါကို အသင်းက ထုတ်ပယ်ခဲ့ပြီးတဲ့နောက်မှာ တာဝန်ရှိသူတွေဟာ မော်ရင်ဟိုကို အသင်းရဲ့ နည်းပြသစ်အဖြစ်ခန့်အပ်ခဲ့ပါတယ်။ မော်ရင်ဟိုရောက်ရှိလာချိန်မှာ မာရှယ်အတွက် ရုန်းကန်မှုတွေ စတင်ခဲ့ရတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ မော်ရင်ဟိုဟာ မာရှယ်ရဲ့ ခြေစွမ်းတွေနဲ့ ပတ်သက်ပြီး လူသိရှင်ကြားရော၊ လူမသိသူမသိရော အမြဲတမ်းလိုလို ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။ အေဗရာမိုဗစ်ကိုပါ အသင်းရဲ့ တိုက်စစ်မှူး သစ်အဖြစ် ခေါ်ယူခဲ့ပြီး မာရှယ်ဟာ မိုဗစ်နောက် အရန်ကစားသမား ဖြစ်ခဲ့ရတာပါ။

မိုဗစ်ဟာ မန်ယူနိုက်တက်ကို ရောက်ရှိလာချိန်မှာ မာရှယ်ရဲ့ ကျောနံပါတ် (၉)ကိုပါ တောင်းဆိုခဲ့တာ ဖြစ်ပြီး မာရှယ်က ကျောနံပါတ်(၁၁)ကို ပြောင်းလဲ ဝတ်ဆင် ကစားခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒါကလည်း မာရှယ်ကို မပျော်ရွှင်စေခဲ့ရတဲ့ အကြောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ မာရှယ်က ” ကျောနံပါတ် ပုံပြင်နဲ့ စတင်ခဲ့တာပါ၊ အားလပ်ရက် အတော်အတွင်း မော်ရင်ဟိုက ကျွန်တော့်ကို ကျောနံပါတ်(၁၁)ကို ပြောင်းဝတ်လို့ရမလားဆိုပြီး စာပို့လာခဲ့ပါတယ်၊

ပြီးတော့ ကျောနံပါတ်(၁၁)က အသင်းရဲ့ ဂန္ဓဝင်ကြီး ဖြစ်တဲ့ ရိုင်ယန်ဂစ် ဝတ်ဆင်ခဲ့တဲ့ နံပါတ် တစ်ခုဖြစ်ခဲ့တဲ့ အကြောင်းကိုလည်း ရှင်းပြခဲ့ပါသေးတယ်၊ ကျွန်တော် သူ့ကို ပြောခဲ့ပါတယ်၊ ဂစ်ကို ကျွန်တော်တကယ်ပဲ ကြီးကျယ်တဲ့ လေးစားမှုတွေ ထားပါတယ်၊ ကျောနံပါတ်(၉)ကိုပဲ ဆက်လိုချင်ခဲ့ပါတယ်၊ ဒါပေမဲ့ ကလပ်ကို ကျွန်တော်ပြန်လာတဲ့ အချိန်မှာ ကျောနံပါတ် (၁၁)ကိုပဲ ကျွန်တော် မြင်ခဲ့ရပါတယ်၊ ဇာတ်လမ်းက ကောင်းမွန်တဲ့ အဆုံးသတ် မဖြစ်ခဲ့ပါဘူး၊ သူက ကျွန်တော့်အပေါ် လေးစားမှု ကင်းမဲ့ ခဲ့လွန်းပါတယ် ” လို့ ပြောကြားသွားခဲ့ပါတယ်။

မော်ရင်ဟိုဟာ မန်ယူနိုက်တက်ကို ကာရာဘောင်ဖလားနဲ့ ယူရိုပါလိဂ်ဖလားတွေ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ (၂၀၁၈)ခုနှစ် ဒီဇင်ဘာမှာ ထုတ်ပယ်ခံခဲ့ရပြီး နည်းပြသစ်အဖြစ် မန်ယူနိုက်တက်ဟာဆိုးလ်ရှားကို အစားထိုးခန့်အပ်ခဲ့ပြန်ပါတယ်။ ဆိုးလ်ရှားဟာ ကလပ်ကို အရေအတွက် တစ်ခုထိ အပြောင်းအလဲတွေ လုပ်ခဲ့ပါတယ်။ လူကာကူရဲ့ ရှေ့ အသင်းရဲ့ အဓိက တိုက်စစ်မှူး အဖြစ် မာရှယ်ဟာ ဆိုးလ်ရှားလက်ထက်မှာ ပြန်လည် အရေးပါလာခဲ့တာ ဖြစ်ပါတယ်။

လူကာကူကို အင်တာမီလန်ဆီ ရောင်းချဖို့ ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် မာရှယ်ဟာ ကျောနံပါတ်(၉)ကို ပြန်လည် ဝတ်ဆင်ခွင့်ရခဲ့ပြီးတော့ (၂၀၁၉-၂၀) ဘောလုံးရာသီမှာ အသင်းရဲ့ ဂိုး သွင်းအများဆုံး ကစားသမားအဖြစ် (၂၃)ဂိုးနဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။ မာရှယ် အနေနဲ့ ဆိုးလ်ရှားနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှထားခဲ့မယ်လို့ ထင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါတွေအားလုံးက အခြေအနေတစ်ခု အားလုံး ပြောင်းလဲ သွားခဲ့ရတယ်လို့လည်း မာရှယ်က ပြောကြားသွားခဲ့ပါသေးတယ်။

မာရှယ်က ” ကျွန်တော် ဒဏ်ရာ ရရှိခဲ့ပေမဲ့ ပုံမှန်ကစားပေးခဲ့ပါတယ်၊ လူတွေက ဒါကို မသိခဲ့ပါဘူး၊ ကိုဗစ် ဖြစ်ပြီး (၄) လအတွင်း ကျွန်တော် အရှိန်နဲ့ ပြေးလို့ မရခဲ့ဘူး၊ နည်းပြက ကျွန်တော့်ကို ပြောတယ် သူ ကျွန်တော့်ကို လိုအပ်တယ်၊ ဒါ့ကြောင့် ကျွန်တော် ကစားပေးခဲ့တယ်၊ ဒါပေမဲ့ ကျွန်တော် ကောင်းကောင်း မကစားနိုင်ခဲ့ဘူး၊ နည်းပြက ဒီအကြောင်းတွေကို ဘယ်တုန်းကမှ မီဒီယာတွေထက်မှာ မပြောခဲ့ဖူးဘူး၊ အထူးသဖြင့် ကျွန်တော် ဒဏ်ရာ ကောင်းကောင်း ရသွားခဲ့ပါတယ်၊ ကျွန်တော် ပြန်လာတဲ့ အချိန်မှာ ထပ်ပြီးတော့ မကစားနိုင်တော့ဘူး၊

ဒါက တော်တော်ဆိုးပါတယ်၊ ကျွန်တော့်အတွက် မျှတမှု မရှိဘူးလို့ ခံစားခဲ့ရပါတယ်၊ ခင်ဗျားဟာ အသင်းအတွက် ပေးဆပ်ဖို့ တောင်းဆိုခံရတယ်၊ ဒါပေမဲ့ နောက်ကွယ်မှာတော့ ခင်ဗျားက ပစ်ပယ်ခံရပါတယ်၊ ကျွန်တော့်အတွက်တော့ ဒါက သစ္စာဖောက်ခံခဲ့ရတာပါပဲ၊ အဲ့လို အရာ အားလုံးကို ကျွန်တော် မုန်းပါတယ်၊ ခင်ဗျားတို့ ကျွန်တော့်ကို အပြစ်တင်နိုင်ပါတယ်၊ ဒါပေမဲ့ အတုအယောင်တွေ အတွက်တော့ မဟုတ်ဘူးပေါ့ ” လို့ ပြောကြားသွားခဲ့ပါတယ်။

ဆိုးလ်ရှားဟာ (၂၀၂၁) ခုနှစ် နိုဝင်ဘာမှာ မန်ယူနိုက်တက်နဲ့ လမ်းခွဲခဲ့ပြီး၊ အသင်းရဲ့ ယာယီနည်းပြအဖြစ် ရန်းနက်ခ်ကို ခန့်အပ်ခဲ့ပါတယ်။ မာရှယ်ကလည်း ဆီဗီလာကို ရာသီဝက် အငှားနဲ့ ပြောင်းရွှေ့ သွားခဲ့ရပါတယ်။ လက်ရှိ နည်းပြသစ် တန်ဟတ်လက်ထက် အသင်းကနေ ထွက်ခွာရဖို့ အားလုံးက မျှော်လင့်ထားခဲ့ကြပေမဲ့ အသင်းနဲ့ ရာသီကြို ခြေစမ်းပွဲစဉ်တွေမှာ ခြေစွမ်းပြနိုင်ခဲ့ပြီး အသင်းရဲ့ အဓိက ကစားသမားအဖြစ် ရှိနေခဲ့ပါတယ်။ ရာသီ စချိန်မှာ ဒဏ်ရာပြဿနာတွေကြောင့် ဒီရာသီ လီဗာပူးလ်နဲ့ ပွဲစဉ်တစ်ပွဲကိုသာ ပါဝင်ကစားထားခဲ့ပြီး ရက်ဖို့ဒ်ရဲ့ သွင်းဂိုးအတွက် ဂိုးဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။