လီယွန်နယ် မက်ဆီဟာ ထာဝရ အကောင်းဆုံး ဘောလုံးသမား တဦးဖြစ်ကြောင်းနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုကိုတော့ ဒီငြင်းခုံမှုအတွက် စကားထဲတောင် ထည့်မပြောသင့်ကြောင်း မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်း ပေါလ်ပါကားက ပြောလိုက်ပါတယ်။

မက်ဆီဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညက ဖီဖာ ကမ္ဘာ့ဖလား ချန်ပီယံဆုကြီးကို ဆွတ်ခူးနိုင်ခဲ့ပြီ ဖြစ်ပြီး၊ ပြင်သစ် အသင်းနဲ့ ကစားခဲ့တဲ့ အဆိုပါ ဗိုလ်လုပွဲမှာ ပွဲကစားချိန် ၁၂၀မိနစ်အတွင်း ၃ဂိုးစီ သရေကျနေခဲ့တာကြောင့် ပယ်နယ်တီ အဆုံးအဖြတ် ခံယူရာမှာ အာဂျင်တီးနား အသင်းက ၄-၂ဂိုးနဲ့ အနိုင်ရ ဗိုလ်စွဲခဲ့ပါတယ်။

အသက် ၃၅နှစ်အရွယ် ကစားသမားဟာ ယခုအခါ ကလပ်အသင်းနဲ့ လက်ရွေးစင် အသင်းမှာ အဓိက ဆုဖလားတိုင်း ဆွတ်ခူးနိုင်ခဲ့ပြီ ဖြစ်တာကြောင့် ထာဝရ အကောင်းဆုံး ဘောလုံးသမား တယောက် ဖြစ်ကြောင်း ယခင်ကထက် ပိုပြီး သက်သေ ခိုင်မာစေခဲ့ပါတယ်။

ဒါ့ကြောင့် မက်ဆီဟာ ထာဝရ အကောင်းဆုံး ဖြစ်တယ်လို့ ခံစားရကြောင်းနဲ့ ရော်နယ်လ်ဒိုကိုတော့ အဆိုပါ ဆွေးနွှေး ငြင်းခုံမှုထဲမှာ ပါဝင်ဖို့တောင် မဖြစ်သင့်ကြောင်း မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲပေါင်း၁၀၀ကျော် ကစားခဲ့တဲ့ ပေါလ်ပါကားက အခုလို ပြောလိုက်ပါတယ်။

“မက်ဆီဟာ ဘောလုံးလောကရဲ့ ထာဝရ အကောင်းဆုံး ကစားသမားပါ။ ပြီးခဲ့တဲ့ နှစ်တွေအတွင်း သူ လုပ်ပြခဲ့တဲ့ အရာတွေက တကယ်ကို ရူးချင်စရာဖြစ်ပြီး၊ ကျွန်တော် သူ့ကို အရမ်း လေးစားမိပါတယ်။ ထာဝရ အကောင်းဆုံး ဘောလုံးသမား ဆိုတဲ့ ဂုဏ်ပုဒ်က သူ့အတွက်ပဲ ဖြစ်ရမှာပါ”

“ဒါပေမယ့် ရော်နယ်လ်ဒို နာဇာရီယိုကလည်း ထာဝရ အကောင်းဆုံး ဆိုတဲ့ နေရာမှာ သေချာပေါက် ရှိနေခဲ့ပါတယ်။ သူဟာ ရက်သတ္တပတ်ပေါင်း အများကြီး နေ့ရောညပါ ပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်ခဲ့ရပြီး၊ သူ့ရဲ့ ကစားပုံကို ကြည့်ရတာ ကျွန်တော် သဘောကျမိပါတယ်။”

“ဒီယေဂို မာရာဒိုနာကိုတော့ သူ့ရဲ့ ကလပ်အသင်း အတွက် ကစားပေးတာကို ကျွန်တော် တခါမှ မကြည့်ခဲ့ရပါဘူး။ အမှန်အတိုင်း ပြောရရင် သူ့ရဲ့ နိုင်ငံ အသင်းအတွက် ကစားပေးခဲ့တာတွေကို ယူကျု့မှာပဲ ကြည့်ခဲ့ရတာပါ။ သူက အံ့ဩစရာ ကစားသမား ဆိုပေမယ့် အကောင်းဆုံး ကစားသမား အနေနဲ့ မက်ဆီကိုပဲ ရွေးချင်ပါတယ်။”

ဆက်လက်ပြီး ပေါလ်ပါကားက ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ကစားသမားကောင်း တယောက် ဖြစ်ပေမယ့် မက်ဆီ၊ ရော်နယ်လ်ဒို နာဇာရီယို၊ ရော်နယ်လ်ဒင်ဟိုနဲ့ ဒီယေဂို မာရာဒိုနာတို့လို အဆင့်မျိုးမှာ ရှိမနေကြောင်း အခုလို ထပ်ပြောပြသွားခဲ့ပါတယ်။

“ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ထာဝရ အကောင်းဆုံး ကစားသမား ဆွေးနွှေး ငြင်းခုံမှုထဲမှာ မပါဝင်သင့်ပါဘူး။ သူက ကစားသမားကောင်း တယောက် ဖြစ်ပေမယ့် မက်ဆီ၊ ရော်နယ်လ်ဒို နာဇာရီယို၊ ရော်နယ်လ်ဒင်ဟို၊ ဒီယေဂို မာရာဒိုနာတို့နဲ့ အနီးစပ်ဆုံး နေရာမှာ ရှိမနေပါဘူး။”

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ လီယွန်နယ် မက်ဆီနဲ့မတူပဲ ကာတာမှာ ဆိုးရွားတဲ့ ခြေစွမ်းမျိုးသာ ပြသနိုင်ခဲ့ပြီး၊ သူဟာ ပေါ်တူဂီ အသင်းအတွက် ၅ပွဲပါဝင် ကစားပေးခဲ့ရာ ၁ဂိုးသာ သွင်းယူ ပေးနိုင်ခဲ့တဲ့အပြင် အုပ်စုအဆင့်ရဲ့ အညံ့ဆုံးအသင်း ကစားသမား စာရင်းမှာပါ ထည့်သွင်း ရွေးချယ်ခံခဲ့ရပါတယ်။

ဒါ့အပြင် ပေါ်တူဂီ စူပါစတားဟာ ရှုံးထွက်အဆင့် ပွဲစဉ် ၂ပွဲစလုံးမှာ ပွဲထွက် ကစားသမား စာရင်းကနေ ချန်လှပ် ခံခဲ့ရပြီး၊ ရော်နယ်လ်ဒိုဟာ ဆွစ်ဇာလန် အသင်းနဲ့ ကစားခဲ့တဲ့ ၁၆သင်းအဆင့် ပွဲစဉ်၊ မော်ရိုကို အသင်းနဲ့ ကစားခဲ့တဲ့ ကွာတားဖိုင်နယ် ပွဲစဉ်တွေမှာ လူစားဝင် ကစားသမား အဖြစ်သာ ပါဝင်ခွင့် ရခဲ့ပါတယ်။

ပေါ်တူဂီ အသင်းဟာ ကွာတားဖိုင်နယ် အဆင့်မှာ မော်ရိုကို အသင်းကို ၁-၀ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် သူ့ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလား ပြိုင်ပွဲ ဖြစ်သွားဖွယ်ရှိတဲ့ ရော်နယ်လ်ဒိုဟာ အဆိုပါ ပွဲအပြီးမှာ ကွင်းထဲကနေ ငိုကြွေးကာ ထွက်ခွာသွားခဲ့တာ တွေ့ရပါတယ်။

လီယွန်နယ် မက်ဆီဟာ လက်ရှိ အနေအထားတွေအရ လူအများရဲ့ အမြင်မှာ ထာဝရ အကောင်းဆုံး ဘောလုံးသမား ဖြစ်လာနိုင်ပေမယ့်၊ ရော်နယ်လ်ဒိုဟာလည်း သူနဲ့ တခေတ်ထဲ ကစားသမား တွေထဲက အကောင်းဆုံး တယောက် ဖြစ်တယ်ဆိုတာ အားလုံးက လက်ခံထားကြပါတယ်။