ပပ်ဂွာဒီယိုလာက သူ့အနေနဲ့ ချန်ပီယံလိဂ် ဆုဖလား ရယူချင်တဲ့ ဆန္ဒဟာ စာချုပ်သစ် ချုပ်ဆိုဖို့အတွက် တခုတည်းသော တွန်းအားတရပ် မဟုတ်ပေမယ့်၊ ဥရောပ အောင်မြင်မှု ရယူနိုင်ခြင်း မရှိသေးရင် မန်စီးတီး အသင်းမှာ သူ့ရဲ့အလုပ် မပြီးဆုံးသေးဘူးလို့ အခိုင်အမာ ပြောဆိုခဲ့ပါတယ်။

မန်စီးတီး အသင်းနည်းပြ ပပ်ဂွာဒီယိုလာဟာ ပြီးခဲ့တဲ့လက အသင်းနဲ့ သက်တမ်းတိုး စာချုပ်တရပ် ချုပ်ဆိုခဲ့ပြီး၊ အဆိုပါ စာချုပ်အရ စပိန်သား နည်းပြကြီးဟာ ၂၀၂၄-၂၀၂၅ခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်အထိ အီတီဟတ်မှာ ဆက်ရှိနေတော့မှာ ဖြစ်ပါတယ်။

မန်စီးတီး အသင်းဟာ ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာ အသင်းတို့ရဲ့ နည်းပြဟောင်း ဂွာဒီယိုလာ လက်အောက်မှာ ပြည်တွင်း အောင်မြင်မှုတွေ များစွာ ရရှိထားခဲ့ပြီး၊ ပပ်ဂွာဒီယိုလာရဲ့ အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ ၅ခုအတွင်း ပရီးမီးယားလိဂ် ချန်ပီယံဆု ၄ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ချန်ပီယံလိဂ် ဆုဖလားကြီးကတော့ သူတို့နဲ့ ဝေးကွာနေဆဲပါပဲ။ မန်စီးတီး အသင်းဟာ ၂၀၂၁ခုနှစ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ပေမယ့် ပြည်တွင်းပြိုင်ဘက် ချဲလ်ဆီး အသင်းကို ရှုံးနိမ့်ခဲ့ပြီး၊ ယမန်နှစ် ဘောလုံးရာသီကလည်း ရီးရဲလ်မက်ဒရစ် အသင်းကို ဆီမီးဖိုင်နယ်မှာ ရှုံးနိမ့်ခဲ့ပါတယ်။

ဒါ့ကြောင့် အသင်းကနေ မထွက်ခွာမီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ သူတို့ရဲ့ ကံကြမ္မာဆိုးကို အဆုံးမသတ်နိုင်ခဲ့ရင်၊ သူ့ရဲ့ နည်းပြ မှတ်တမ်းမှာ အမှားအယွင်းတခု ဖြစ်သွားနိုင်ကြောင်း မန်စီးတီး အသင်းနည်းပြ ပပ်ဂွာဒီယိုလာက အခုလို ဝန်ခံသွားခဲ့ပါတယ်။

“ချန်ပီယံလိဂ် ဆုဖလားဟာ ကျွန်တော်တို့ အလိုချင်ဆုံး ဆုဖလားတခု ဖြစ်တယ်ဆိုတာ ဝန်ခံပါတယ်။ တကယ်လို့ အဲဒီကွက်လပ်ကို ပြည့်စုံအောင် မလုပ်နိုင်ခဲ့ပဲ ကျွန်တော်တို့ ချန်ပီယံလိဂ် ဆုဖလား မရခဲ့ရင် မန်စီးတီး အသင်းမှာ ကျွန်တော့်ရဲ့အလုပ် ပြီးဆုံးတယ်လို့ မယူဆနိုင်ပါဘူး။”

“ဒါပေမယ့် အဲဒီအချက်က မန်စီးတီး အသင်းနဲ့ ကျွန်တော် စာချုပ် သက်တမ်းတိုးဖို့ တခုတည်းသော အကြောင်းပြချက်တော့ မဟုတ်ပါဘူး။ အဲဒါက လုံးဝကို သေချာပါတယ်။ ပြီးခဲ့တဲ့ ၁၁လအတွင်း ကျွန်တော်တို့ ချန်ပီယံလိဂ် ကစားခွင့်မရရင်လည်း စာချုပ်သစ် ချုပ်ဆိုဖို့ ဖြစ်လာမှာပါ။”

“ဟုတ်ပါတယ် ကျွန်တော်တို့တွေ ဒီအသင်းမှာ အတူရှိနေတဲ့ အချိန်အတွင်း ချန်ပီယံလိဂ် ဆုဖလား ဆွတ်ခူးနိုင်ဖို့ တတ်နိုင်သမျှ အရာအားလုံး ကျွန်တော် လုပ်ဆောင်သွားမှာပါ။ ကျွန်တော်တို့ အသင်းမှာ မရှိသေးတဲ့ ဆုဖလားအတွက် အတူတကွ ကြိုးစားကြမှာ ဖြစ်ပြီး၊ အရင်ကလည်း ကြိုးစားခဲ့ကြပါတယ်။”

ပပ်ဂွာဒီယိုလာရဲ့ လက်ထက်မှာ မန်စီးတီးအသင်း ရရှိခဲ့တဲ့ ဆုဖလား အရေအတွက်ဟာ ၁၁လုံးအထိ ရှိထားခဲ့ပြီး၊ စပိန်သား နည်းပြကြီးက အသင်း တာဝန်ရှိသူတွေ အပါအဝင် အသင်းနဲ့ ပတ်သက်သူအားလုံးကို သူ့အပေါ် ယုံကြည်ပေးခဲ့တာကြောင့် ကျေးဇူးတင်ကြောင်း အခုလို ထပ်ပြောသွားခဲ့ပါတယ်။

“ကျွန်တော် ဒီအသင်းမှာ ဘာကြောင့် ရှိနေတာလဲ ဆိုတာကို အကြိမ်ပေါင်းများစွာ ပြောခဲ့ပြီးပါပြီ။ အသင်း တာဝန်ရှိသူတွေ အပါအဝင် ဒီအသင်းနဲ့ ပတ်သက်တဲ့သူတွေဟာ ကျွန်တော့်အပေါ် ယုံကြည်မှု ပေးတဲ့အတွက် သူတို့ကို ကျေးဇူး အများကြီးတင်ပါတယ်။”

“ကျွန်တော် မန်စီးတီး အသင်းမှာ ရှိနေခဲ့တဲ့ နှစ်တွေအတွင်း ဘုတ်အဖွဲ့ အပါအဝင် အသင်းနဲ့ ပတ်သက်တဲ့သူတွေက ကျွန်တော့်အတွက် ယုံကြည်မှုတွေ ပေးခဲ့ကြပြီး၊ အဲဒါတွေကို ပြန်ပေးဆပ်ဖို့ အရမ်းကို ခက်ခဲပါလိမ့်မယ်။ တာဝန်ရှိသူတွေ ကမ်းလှမ်းခဲ့တဲ့ စာချုပ်သစ်ကို ကျွန်တော် မငြင်းနိုင်ခဲ့ပါဘူး။”

“ဘာလို့လဲဆိုတော့ ကျွန်တော်နဲ့ နည်းပြအဖွဲ့ဝင်တွေ အကောင်းဆုံး ကြိုးစားပြီး ချန်ပီယံလိဂ် အောင်မြင်မှု ရယူနိုင်ဖို့ ဆက်လက် တာဝန်ပေးချင်တဲ့ ဆန္ဒမျိုး သူတို့မှာ ရှိနေဆဲဖြစ်လို့ပါ။ ဒီအသင်းအပေါ် မယုံနိုင်လောက်အောင် ကျေးဇူးတင်ကြောင်း ပြောပြဖို့ ကျွန်တော့်မှာ စကားလုံးတောင် မရှိပါဘူး။”

မန်စီးတီး အသင်းဟာ ယနေ့နံနက်ပိုင် ကစားခဲ့တဲ့ ကာရာဘောင်ဖလား ပွဲစဉ်အဖြစ် လီဗာပူးလ် အသင်းနဲ့ ရင်ဆိုင် ခဲ့ရာမှာ အထင်ကြီးစရာ ခြေစွမ်းတွေနဲ့ အနိုင်ယူခဲ့ပြီး ကွာတားဖိုင်နယ်မှာ ဆောက်သင်တန် အသင်းနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။