ပြင်သစ် ဂန္တဝင်ကြီး ဖြစ်တဲ့ ဖရန့် လီဘိုးဝါး ကတော့ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားဖိုင်နယ်ပွဲစဉ်မှာ အမ်ဘာပေ လုပ်ပြခဲ့တဲ့ အရာတွေက ရူးသွပ်ချင်စရာ ကောင်းလွန်းခဲ့တယ် ဆိုပြီးတော့ ချီးကျူး ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

အမ်ဘာပေဟာ အာဂျင်တီးနားနဲ့ ပွဲကစားချိန် မိနစ်(၁၂၀)အတွင်း (၃)ဂိုးစီ သရေကျခဲ့တဲ့ ဖိုင်နယ် ပွဲစဉ် အတွင်းမှာ ဟက်ထရစ်သွင်းဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပြီးတော့ ဒါဟာ ကမ္ဘာ့ဖလားသမိုင်းမှာ ဖိုင်နယ်မှာ ဟက်ထရစ် သွင်းနိုင်တဲ့ ဒုတိယမြောက် ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့တာပါ။

အာဂျင်တီးနားနဲ့ ဖိုင်နယ်ပွဲစဉ်မှာ ပြသခဲ့တဲ့ အမ်ဘာပေရဲ့ ခြေစွမ်းနဲ့ စွမ်းဆောင်ရည်က တော်တော်လေး ခမ်းနားလွန်းခဲ့ပြီးတော့ မက်ဆီထက်တောင် ပြင်သစ်အသင်းကို ဆွဲတင်ခြေစွမ်းပြသွားခဲ့တာ ဖြစ်ပါတယ်။

အမ်ဘာပေ အနေနဲ့ ကာတာကမ္ဘာ့ဖလားမှာ ပွဲစသ်တလျှောက် အကောင်းဆုံး ကစားသမားဆုကို အာဂျင်တီးနားကို သာ အနိုင်ရခဲ့မယ်ဆိုရင် သေချာပေါက် ရရှိသွားမှာ ဖြစ်ပေမဲ့ ရှုံးနိမ့်ခဲ့တာကြောင့် အမ်ဘာပေ အစား မက်ဆီက ရရှိသွားခဲ့ပါတယ်။

ဒါပေမဲ့ ဂိုးသွင်းအများဆုံး ကစားသမားဆု အတွက်တော့ မက်ဆီနဲ့ အပြိုင်အဆိုင် ဖြစ်ခဲ့ရသေးပြီးတော့နောက်ဆုံးမှာ အမ်ဘာပေက တစ်ဂိုး အသာနဲ့ ဂိုးသွင်း အများဆုံးကစားသမားဆုကို ရရှိသွားခဲ့တာလည်းပဲ ဖြစ်ပါတယ်။

ပြင်သစ် ဂန္တဝင် ကစားသမားကြီး ဖရန့်လီဘိုးဝါ ကတော့ အမ်ဘာပေဟာ ကမ္ဘာ့ဖလားဖိုင်နယ်ပွဲစဉ်မှာ ကမ္ဘာ့ဖလား (၃)ကြိမ်ရရှိခဲ့တဲ့ ပီလီတောင် မလုပ်နိုင်ခဲ့တဲ့ အရာကို လုပ်ပြသွားခဲ့တာ ဖြစ်တယ်ဆိုပြီး ချီးကျူး ပြောဆိုသွားခဲ့ပါတယ်။

ဖရန့်လီဘိုးဝါးက ” ပွဲကစားချိန် (၇၅)မိနစ်လောက်အထိ သူ့ရဲ့ ခြေစွမ်းပိုင်းကလည်း ကွင်းထဲမှာ ကျွန်တော်တို့ မြင်ခဲ့ရတဲ့ အခြားသော ပြင်သစ်ကစားသမားတွေလိုပဲ စွမ်းဆောင်ရည် အဆင့်သက်မှတ်ချက်က သုညနား ကပ်နေခဲ့တာပါပဲ၊

ဒါပေမဲ့ အဲ့ဒီနောက်မှာတော့ အမ်ဘာပေက သူ့ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်တွေကို လုပ်ပြခဲ့ပါတယ်၊ ပွဲထဲမှာ အသင်းရဲ့ စိတ်ဓာတ်ကို ပြောင်းလဲခဲ့ပြီးတော့ ဦးဆောင်နိုင်ခဲ့ပါတယ်၊

(၁၉၆၆)တုန်းက Geoff Hurst နောက်ပိုင်းမှာ ကမ္ဘာ့ဖလား ဖိုင်နယ်မှာ ဟက်ထရစ် သွင်းနိုင်တဲ့ ကစားသမားမျိုးကို ကျွန်တော် မမြင်ဖူးခဲ့ပါဘူး၊ ဒါက တကယ့်ကို မျက်လှည့်တစ်ခုလိုပါပဲ၊ ပီလီတောင်မှ ဖိုင်နယ်မှာ ဒီလိုမျိုး လုပ်မပြနိုင်ခဲ့ပါဘူး၊

(၁၉၅၈)ခုနှစ်တုန်းက ဆီမီးဖိုင်နယ်မှာပီလီက ဟက်ထရစ် သွင်းပြခဲ့ပါတယ်၊ အမ်ဘာပေကလည်း ပင်နယ်တီတွေကို ကာကွယ်တဲ့နေရာမှာ ဆရာ တစ်ပါးဖြစ်နေတဲ့ ဂိုးသမားတစ်ဦးထဲကို ပင်နယ်တီ (၃)ကြိမ်သွင်းပြသွားခဲ့တာက မယုံနိုင်စရာပါပဲ၊

ဒါ့ကြောင့်မလို့ အမ်ဘာပေရဲ့ စွမ်းဆောင်ရည်က ကြီးကျယ်ခမ်းနားခဲ့ပါတယ်၊ ကျွန်တော်ကတော့ သူ့အတွက် ကျေနပ်ပါတယ်၊ ဒါပေမဲ့ ပွဲစဉ်ရဲ့ အဆုံးမှာတော့ သူ့အတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ် ” လို့ ချီးကျူး ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

အမ်ဘာပေဟာ လက်ရှိမှာ အသက် (၂၄)နှစ် သာ ရှိနေသေးပြီးတော့ ပွဲစဉ်ပေါင်း (၃၈၀)မှာ သွင်းဂိုး (၂၆၅)ဂိုးနဲ့ ဂိုးဖန်တီးမှု (၁၃၅)ကြိမ် အထိ ပြုလုပ်ပေးထားနိုင်ခဲ့တာ ဖြစ်ပါတယ်။