ပြင်သစ် ဂန္တဝင် ဖရန့်လီဘော့ဖ်က ၂၀၂၂ခုနှစ် ဖီဖာ ကမ္ဘာ့ဖလား ချန်ပီယံ လီယွန်နယ် မက်ဆီကို ထာဝရ အကောင်းဆုံး ဘောလုံးသမား အဖြစ် သတ်မှတ်နေကြတာနဲ့ ပတ်သက်လို့ ရှုံ့ချလိုက်ပြီး၊ ဒီဂုဏ်ပုဒ်နဲ့ ထိုက်တန်သူက ဘရာဇီးလ် ဂန ္တဝင် ကစားသမားကြီး ပီလီ ဖြစ်တယ်လို့ သူက ပြောလိုက်ပါတယ်။

အာဂျင်တီးနား စူပါစတား လီယွန်နယ် မက်ဆီဟာ ကလပ်အသင်းနဲ့ လက်ရွေးစင် အသင်းမှာ ဖြစ်နိုင်ခြေရှိတဲ့ အဓိက ဆုဖလား အားလုံးကို ဆွတ်ခူး နိုင်ခဲ့ပြီးနောက် ထာဝရ အကောင်းဆုံး ဘောလုံးသမား အဖြစ် သတ်မှတ် ခံခဲ့ရပြီး၊ သူဟာ ပြီးခဲ့တဲ့ တနင်္ဂနွေညက ကမ္ဘာ့ဖလား ချန်ပီယံဆု ရယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့် လူအများရဲ့ အမြင်နဲ့မတူပဲ ဆန့်ကျင်ဘက် အတွေးမျိုး ရှိနေသူက ပြင်သစ် ဂန ္တဝင် ဖရန့်လီဘော့ဖ် ဖြစ်ပြီး၊ ပီလီဟာ ကမ္ဘာ့ဖလား ချန်ပီယံဆု ၃ကြိမ်ရရှိထားတာကြောင့် ထာဝရ အကောင်းဆုံး ဘောလုံးသမား အဆင့် သတ်မှတ်ချက်မှာ မက်ဆီထက် အသာရနေဆဲ ဖြစ်တယ်လို့ သူက အခုလို ပြောလိုက်ပါတယ်။

“ထာဝရ အကောင်းဆုံး ဘောလုံးသမား ဘယ်သူလဲ ဆိုတဲ့ မေးခွန်းကို အခုတခါ ပြန်ပြောစရာ ဖြစ်လာပါပြီ။ ထာဝရ အကောင်းဆုံး ဘောလုံးသမားက တယောက်ပဲ ရှိရမယ်ဆိုရင် အဲဒီတယောက်က ပီလီပဲ ဖြစ်လိမ့်မယ်လို့ ကျွန်တော် ယူဆမိပါတယ်။”

“သူက ကမ္ဘာ့ဖလား ချန်ပီယံဆုကို ၃ကြိမ်တောင် ရယူနိုင်ခဲ့တာ ဖြစ်ပြီး၊ ပထမဆုံး ကမ္ဘာ့ဖလား ချန်ပီယံဆု ရယူနိုင်ခဲ့တဲ့ အချိန်က သူ့ရဲ့ အသက်ဟာ ၁၇နှစ်ပဲ ရှိပါသေးတယ်။ သူတို့ခေတ်တုန်းက ကစားသမားတွေရဲ့ ကြံ့ခိုင်မှု အတွက် ဆေးပညာတွေ အခုလောက် မကောင်းသေးပါဘူး။”

“နောက်ပြီး ကြံ့ခိုင်မှု အတွက် ခေတ်မီတဲ့ လေ့ကျင့်ရေး ပစ္စည်းတွေလည်း မရှိသေးပါဘူး။ အဲဒါတွေကို ထည့်စဉ်းစားမယ်ဆိုရင် ပီလီ ဘယ်လောက်ထိ ကောင်းခဲ့သလဲ ဆိုတာ သိနိုင်ပါလိမ့်မယ်။ သူက ဘလွန်းဒီအော်ဆု မရခဲ့တာ တခုပဲ ပြောစရာရှိပါတယ်။”

“ဒါပေမယ့် တဖက်က ပြန်ကြည့်မယ်ဆိုရင် ပီလီဟာ ဘရာဇီးလ် နိုင်ငံထဲမှာပဲ ကစားခဲ့တာလေ။ အဲဒါကြောင့် ဘလွန်းဒီအော်ဆု မရခဲ့တာပါ။ ဘာလို့လဲဆိုတော့ အဲဒီတုန်းက ဘလွန်းဒီအော်ဆုကို ဥရောပမှာ ကစားနေတဲ့ ဘောလုံးသမား တွေကိုပဲ ပေးခဲ့တာကြောင့်ပါ။”

“ကျွန်တော့် တယောက်တည်း အမြင်အရ ပီလီနဲ့ နှိုင်းယှဉ်စရာ ကစားသမား မရှိပါဘူး။ မက်ဆီက မာရာဒိုနာ၊ ပလာတီနီနဲ့ ဂျိုဟန်ခရိုက်ဖ်တို့လို ထူးချွန်တဲ့ ကစားသမား တယောက်ဆိုတာ အမှန်ပါပဲ။ ဒါပေမယ့် ပီလီက ကမ္ဘာ့ဖလား ချန်ပီယံဆုကို ၃ကြိမ်တောင် ရယူနိုင်ခဲ့တာပါ။”

ပီလီဟာ ၁၉၅၈၊ ၁၉၆၂နဲ့ ၁၉၇၀ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာ ဘရာဇီးလ် အသင်းကို ကမ္ဘာ့ဖလား ချန်ပီယံဆု ရယူနိုင်အောင် ဦးဆောင် ပေးနိုင်ခဲ့တဲ့ ကစားသမားကြီး ဖြစ်ပြီး၊ သူဟာ ဒီပြိုင်ပွဲ သမိုင်းတလျှောက် ချန်ပီယံဆု ၃ကြိမ်အထိ ရရှိထားတဲ့ တဦးတည်းသော ကစားသမားလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဘရာဇီးလ် ဂန ္တဝင် တိုက်စစ်မှူးကြီးဟာ သူ့ရဲ့ ကစားသမား ဘဝတလျှောက် သွင်းဂိုး ၇၀၀ကျော် သွင်းယူ နိုင်ခဲ့တာကြောင့် ဘောလုံးလောကရဲ့ ထာဝရ အကောင်းဆုံး ကစားသမား တွေထဲမှ တဦးအဖြစ် အားလုံးက အသိအမှတ်ပြု လက်ခံ ထားကြပါတယ်။

ဒါပေမယ့် ပီလီ ကျင်လည် ကျက်စားခဲ့တဲ့ တောင်အမေရိက ကလပ်အသင်း ဘောလုံးလောကဟာ ပုံမှန်အားဖြင့် ပြိုင်ဆိုင်မှု ပြင်းထန်ခြင်းမရှိပဲ သူဟာ ဥရောပမှာ ကစားခဲ့ဖူးခြင်း မရှိတာကြောင့် ထောက်ပြစရာ ဖြစ်နေခဲ့ပြီး၊ မက်ဆီကတော့ ဘာစီလိုနာ အသင်းနဲ့အတူ ဥရောပရဲ့ အဓိက ဆုဖလား အားလုံး ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ယခုအခါ ဆိုရှယ်မီဒီယာပေါ်မှာ လီယွန်နယ် မက်ဆီကို ပီလီ၊ ဒီယေဂို မာရာဒိုနာ၊ ခရစ္စတီယာနို ရော်နယ်လ်ဒို အစရှိတဲ့ ကစားသမားတွေနဲ့ နှိုင်းယှဉ်ကာ အာဂျင်တီးနား အသင်းခေါင်းဆောင်ကို ဘာကြောင့် ထာဝရ အကောင်းဆုံး ဘောလုံးသမား အဖြစ် သတ်မှတ်သင့်လဲ ဆိုတဲ့ ဆွေးနွှေး ငြင်းခုံမှုတွေ ရှိနေပါတယ်။

ဒီငြင်းခုံမှုအတွက် ပီလီဟာ ဥရောပမှာ မကစားခဲ့ဖူးသူ၊ မာရာဒိုနာဟာ အာဂျင်တီးနား အသင်းနဲ့ ကိုပါအမေရိက အောင်မြင်မှု မရခဲ့ဖူးသူ၊ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ကမ္ဘာ့ဖလား အောင်မြင်မှု မရခဲ့ဖူးသူ စသည်ဖြင့် ထောက်ပြစရာတွေ ရှိနေခဲ့တာ တွေ့ရပါတယ်။

ဒါပေမယ့် သူတို့ အားလုံးထဲမှာ မက်ဆီကတော့ ကလပ်အသင်းနဲ့ လက်ရွေးစင် အသင်းမှာ ဖြစ်နိုင်ခြေရှိတဲ့ အဓိက ဆုဖလား အားလုံး ရယူထားနိုင်ပြီး၊ ဘောလုံးလောကမှာ အောင်မြင်မှု အားလုံးနီးပါး ရယူနိုင်ခဲ့တာကြောင့် ထာဝရ အကောင်းဆုံး ဘောလုံးသမား ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ကြောင်း သက်သေပြထားပါတယ်။