ဘရာဇီးနဲ့ ရီးရဲလ်မက်ဒရစ်ဂန္တဝင် ကစားသမားကြီး ရော်နယ်ဒို နာဇာရီယိုကတော့ ပြင်သစ်နဲ့ ပီအက်စ်ဂျီအသင်းရဲ့ လူငယ်ကြယ်ပွင့်ကစားသမားလေး အမ်ဘာပေရဲ့ ကစားသမားဘဝဟာသူနဲ့ ပုံစံ ဆင်တူနေကြောင်း ထုတ်ဖော်ချီးကျူး ပြောဆိုသွားခဲ့ပါတယ်။

အမ်ဘာပေဟာ မကြာသေးခင်ကမှ ကျင်းပ ပြီးစီးခဲ့တဲ့ ကာတာ (၂၀၂၂) ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အကောင်းဆုံးသော ခြေစွမ်းတွေကို ပြသထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပြိုင်ပွဲတလျှောက် သွင်းဂိုး (၈)ဂိုး အထိ သွင်းယူပေးထားနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု (၂)ကြိမ် ပြုလုပ်နိုင်ခဲ့ကာ ဂိုး ပါဝင်ပတ်သက်မှု (၁၀)ကြိမ်အထိ ရှိထားခဲ့တာ ဖြစ်ပါတယ်။ သွင်းဂိုး (၈)ဂိုးနဲ့ အတူပဲ ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံးဆုကိုလည်း ဆွတ်ခူး ရရှိထားခဲ့သေးတာ ဖြစ်ပါတယ်။

အသက်(၂၄)နှစ်အရွယ်သာ ရှိသေးတဲ့ အမ်ဘာပေတစ်ယောက် အာဂျင်တီးနားနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဖိုင်နယ်ပွဲစဉ်မှာ ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ရပေမဲ့လည်း ဟက်ထရစ်ဂိုး သွင်းယူနိုင်ခဲ့ကာ ကမ္ဘာ့ဖလားမှာ သမိုင်းသစ် ရေးထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။

မိုနာကို အကယ်ဒမီကနေ ကမ္ဘာ့ဘောလုံး စင်မြင့်ထက်မှာ တဖြည်းဖြည်းတောက်ပလာခဲ့တဲ့ ကစားသမားတဈောကျ ဖြစ်ပြီးတော့ စီရော်နယ်ဒိုနဲ့ မက်ဆီခေတ်လွန် အကောင်းဆုံး ဘောလုံးသမား ဖြစ်လာဖို့ အလားအလာကောင်းတွေ ပိုင်ဆိုင်လျက် ရှိနေတာ ဖြစ်ပါတယ်။

ဘရာဇီး ဂန္ဓဝင်ကြီး ရော်နယ်ဒိုက ကာတာကမ္ဘာ့ဖလားဖိုင်နယ်က အမ်ဘာပေရဲ့ စွမ်းဆောင်ရည်တွေနဲ့ ပတ်သက်ပြီးတော့ အခုလိုပဲ ချီးကျူး ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

ရော်နယ်ဒိုက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မြန်တဲ့ကစားသမားတွေ အများကြီး ရှိခဲ့ပါတယ်၊ ဒါပေမဲ့ အမ်ဘာပေကတော့ အကောင်းဆုံး အမြန်နှုန်း ရှိခဲ့တဲ့ ကစားသမား တစ်ယောက် ဖြစ်ခဲ့ပါတယ်၊

သူကစားနေတာကို မြင်ရတဲ့ အချိန်မှာ ကျွန်တော့်ရဲ့ အကောင်းဆုံး အချိန်က ကျွန်တော့်ကိုယ် ကျွန်တော်တောင် ပြန်ပြီးတော့ သတိရသွားစေပါတယ်၊ သူက နေရာလွတ် နည်းနည်းလေးရှိနေရင်တောင်မှ ဘာလုပ်ရမလဲ သိနေပါတယ်၊

ဘောလုံးရှိနေတဲ့ အချိန်မှာဆိုရင် ကြိုတင် ခန့်မှန်းဖို့ မဖြစ်နိုင်ပါဘူး၊ ဒါပေမဲ့ ဘောလုံးမရှိတဲ့ အချိန်ဆိုရင်လည်း ဒီတိုင်းပါပဲ၊ တစ်ဦးချင်းရင်ဆိုင်ရတဲ့ အခြေအနေမျိုးမှာဆိုရင် အရမ်းကြောက်စရာ ကောင်းပါတယ်၊

ကျွန်တော့်အတွက်တော့ ရိုးရိုးရှင်းရှင်းနဲ့ အရမ်းအထင်ကြီးစရာ ကောင်းပါတယ် လို့ ချီးကျူး ပြောဆိုသွားခဲ့ပါတယ်။ အမ်ဘာပေဟာ လက်ရှိဘောလုံးရာသီမှာလည်း ပီအက်စ်ဂျီနဲ့ အတူ တော်တော်လေး ခြေစွမ်းပြနေတဲ့ ကစားသမား ဖြစ်ပါတယ်။

(၂၀၂၂-၂၃)ဘောလုံးရာသီအတွင်း ပီအက်စ်ဂျီအတွက် ပြိုင်ပွဲစုံ ပွဲ (၂၀) ကစားပေးထားခဲ့ပြီးတော့ သွင်းဂိုး (၁၉)ဂိုးနဲ့ ဂိုးဖန်တီးမှု (၅)ကြိမ်အထိ ပြုလုပ်ပေးထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

အမ်ဘာပေ အနေနဲ့ လက်ရှိ ြခေစွမ်းတွေကိုသာဆက်လတ်ပြီးတော့ ထိန်းသိမ်းထားနိုင်ခဲ့မယ်ဆိုရင် မက်ဆီ၊ စီရော်နယ်ဒိုတို့ မရှိတော့တဲ့ အနာဂတ်မှာ ဘောလုံးလောကရဲ့ အကောင်းဆုံး ဆုတံဆိပ်တွေကို သိမ်းပိုက်နိုင်ဖို့ အလားအလာကောင်းတွေ ပိုင်ဆိုင်လျက်ရှိနေတာပဲ ဖြစ်ပါတယ်။