မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ပေါ့ဘာကတော့ မန်ယူနိုက်တက် ကစားသမားဘ၀ စီရော်နယ်ဒိုနဲ့ အတူရှိခဲ့တဲ့ အချိန်တွေကို ထုတ်ဖော်ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

ကစားသမားနှစ်ဦးလုံးဟာ မန်ယူနိုက်တက်အတွက်ရော ဂျုဗင်တပ် အတွက်ပါ ကိုယ်စားပြုကစားပေးခဲ့ကြတဲ့ သူတွေ ဖြစ်ပြီးတော့ လက်ရှိမှာ စီရော်နယ်ဒို မန်ယူနိုက်တက်ကနေထွက်ခွာခဲ့ပြီး ဖြစ်သလို ပေါ့ဘာကလည်း ဂျုဗင်တပ်ထံ ပြောင်းရွှေ့ သွားခဲ့ပြီး ဖြစ်ပါတယ်။

ပေါ့ဘာနဲ့ စီရော်နယ်ဒိုတို့ဟာ ပြီးခဲ့တဲ့ (၂၀၂၁-၂၂)ဘောလုံးရာသီအတွင်း အသင်းဖော်တွေ အဖြစ် ပွဲစဉ်ပေါင်း (၂၀)လောက်ကို အတူတွဲဖက်ပြီးတော့ ကစားခဲ့ြ့တာ ဖြစ်ပါတယ်။

ဂျုဗင်တပ်နဲ့ မန်ယူနိုက်တက်တို့မှာ နှစ်ဦးလုံးဟာ သမိုင်းကြောင်းတွေ ရှိခဲ့ကြပေမဲ့လည်း အသင်းဖော်တွေ အဖြစ်တော့ တစ်ရာသီသာ ယှဉ်တွဲပြီးတော့ ကစားခဲ့ကြရတာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ပေါ့ဘာအတွက်တော့ စီရော်နယ်ဒိုရဲ့ စိတ်ဓာတ်ပိုင်းကို အကဲဖြတ်ဖို့အတွက် အတူရှိနေခဲ့တဲ့ အချိန်တွေ တိုတောင်းခဲ့ပေမဲ့ လုံလောက်မှုတွေတော့ ရှိခဲ့ပါတယ်။

ပေါ့ဘာက ” စီရော်နယ်ဒိုရဲ့ စည်းကမ်းပိုင်းက တကယ့်ကို မယုံနိုင်စရာပါပဲ၊ ကျွန်တော်အရင်က ဒါမျိုး တခါမှမမြင်ဖူးခဲ့ပါဘူး၊ ဒီလိုစည်းကမ်းတွေကြောင့်ပဲ သူက အခြား အဆင့်တစ်ခုမှာ ရှိနေခဲ့တာပါ၊

ကျွန်တော် ပရော်ဖက်ရှင်နယ်ကစားသမားတွေ အများကြီး မြင်ဖူးပါတယ်၊ သူတို့က စောစောလာကြတယ် ၊ ကြံ့ခိုင်မှုတွေအတွက် လေ့ကျင့်ခန်းတွေ လုပ်ကြပါတယ်၊ ဒါပေမဲ့ စီရော်နယ်ဒိုကတော့ နေ့တိုင်းကို စောစောလာတာပါ၊

တရက်မှကို မရပ်ခဲ့ပါဘူး၊ သူ့ရဲ့စည်းကမ်းကိုက နေ့တိုင်း လေ့ကျင့်ခန်းတွေလုပ်နေဖို့ပါပဲ ၊ ဒါကတကယ့်ကို တခုခုပါပဲ ” လို့ ပေါ့ဘောက ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

ဘလွန်းဒီအော် ၅ ကြိမ်ဆုရှင် စီရော်နယ်ဒိုအနေနဲ့ စည်းကမ်းပိုင်း ကောင်းမွန်မှုကြောင့် မကြာခဏဆိုလို ချီးကျူးပြောဆိုမှုတွေ ခံခဲ့ရပေမဲ့ ဒီရာသီ မန်ယူနိုက်တက်မှာတော့ စည်းကမ်းပိုင်းနဲ့ စိတ်ဓာတ်ပိုင်း ချိုးဖောက်မှုတွေကြောင့် ဝေဖန်ခံခဲ့ရတာ ဖြစ်ပါတယ်။

နည်းပြတန်ဟတ်ရဲ့ လူစားဝင်ကစားဖို့ ပြောဆိုမှုကို ငြင်းဆန်ပြီး ပွဲမပြီးခင်အိမ်ပြန်သွားခဲ့တာတွေ၊ အသင်းအပေါ် ပြင်းထန်တဲ့ဝေဖန်မှုတွေ ပြုလုပ်ခဲ့တာတွေကြောင့် စီရော်နယ်ဒိုဟာ မန်ယူနိုက်တက်နဲ့ စာချုပ်ဖျက်သိမ်းရတဲ့အထိ ဖြစ်ခဲ့တာပါ။

လက်ရှိမှာတော့အသင်းလက်မဲ့ ဖြစ်နေပြီး အသက်၃၇ နှစ်အရွယ်ရှိနေပြီ ဖြစ်တဲ့ စီရော်နယ်ဒိုကို ထိပ်တန်းကလပ်အသင်းတွေက ခေါ်ယူဖို့ ငြင်းဆန်ထားကြတာပါ။

ဘယ်အသင်းကိုပြောင်းမလဲဆိုတာကစိတ်ဝင်စားစရာကောင်းနေဆဲ ဖြစ်ပြီး အဆုံးသတ်မှာ စီရော်နယ်ဒိုရဲ့ရွေးချယ်မှုကို စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။