လီယွန်နယ် မက်ဆီဟာ ပီအက်စ်ဂျီ အသင်းနဲ့ စာချုပ် သက်တမ်းတိုးဖို့ ပြင်ဆင်နေပြီး၊ သူဟာ ဘာစီလိုနာ အသင်းမှာ နှစ်ပေါင်း၂၀ကျော်ကြာ ဖြတ်သန်းခဲ့ပြီးနောက် ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် ဩဂုတ်လမှာ လီဂူးဝမ်း ထိပ်သီးကလပ်ထံ ပြောင်းရွှေ့ သွားခဲ့ပါတယ်။

အာဂျင်တီးနားသားဟာ ပဲရစ်ကို ပြောင်းရွှေ့လာချိန်မှာ ပီအက်စ်ဂျီ အသင်းက သူ့ကို ၂၀၂၃ခုနှစ် ဇွန်လအထိ သက်တမ်းရှိမယ့် စာချုပ်တရပ်နဲ့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပြီး၊ အဆိုပါ စာချုပ်ထဲမှာ နောက်ထပ်၁နှစ် သက်တမ်းတိုးခွင့်လည်း ပါဝင်တယ်လို့ သိရပါတယ်။

ဒါပေမယ့် မက်ဆီဟာ ယခင် သဘောတူညီမှုအတိုင်း ၁နှစ် သက်တမ်းတိုးဖို့ ရွေးချယ်တာမျိုး ပြုလုပ်မယ့်အစား နောက်ထပ် သဘောတူညီမှု အသစ်တခုနဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ မျှော်လင့်နေပြီး၊ ကမ္ဘာ့ဖလား ပြိုင်ပွဲအပြီးမှာ သူ့ရဲ့ စာချုပ်သစ် အတွက် ပြင်ဆင်နေပြီဖြစ်ပါတယ်။

ဘီဘီစီ သတင်းဌာနရဲ့ ဖော်ပြမှုအရ ပီအက်စ်ဂျီ အသင်းနဲ့ မက်ဆီတို့ သဘောတူညီမှု ရခဲ့ပြီလို့ ဖော်ပြထားပြီး စာချုပ်သစ်ဟာ ၂၀၂၄ခုနှစ် ဇွန်လအထိ သက်တမ်းရှိမယ်လို့ သိရပါတယ်။ စာချုပ်သစ် သဘောတူညီမှုထဲမှာ ၁နှစ် သက်တမ်းတိုးခွင့်လည်း ပါဝင်တာကြောင့် သူဟာ ၂၀၂၅ခုနှစ် နွေရာသီအထိ ပဲရစ်မှာ ဆက်ရှိနေနိုင်မှာ ဖြစ်ပါတယ်။

မက်ဆီရဲ့ အသင်းဟောင်း ဘာစီလိုနာ အသင်းဥက္ကဌ ဂျိုအန် လာပေါ်တာဟာ ဒီကစားသမားကို နူးကမ့်ကွင်းကြီးထဲ ပြန်လာစေချင်တယ်လို့ ယခုသီတင်းပတ် အစောပိုင်းက ပြောခဲ့ပေမယ့်၊ ဘီဘီစီရဲ့ ဘောလုံးရေးရာ ကျွမ်းကျင်သူ ဂူလီယမ် ဘာလာဂွီကတော့ အဖြစ်မှန်ကို အခုလို ထုတ်ပြောလိုက်ပါတယ်။

“မက်ဆီဟာ ပီအက်စ်ဂျီ အသင်းနဲ့ စာချုပ်သစ် အတွက် အရာအားလုံး သဘောတူညီမှု ရသွားခဲ့ပါပြီ။ ဘာစီလိုနာ အသင်းက ဒီကစားသမားကို ပြန်ခေါ်ချင်ကြောင်း ပြောထားပေမယ့်၊ သူတို့က မက်ဆီကိုရော သူ့ရဲ့အဖေကိုပါ ဘယ်လို ကမ်းလှမ်းမှုမျိုးမှ မလုပ်ခဲ့ပါဘူး။”

“ဒါ့ကြောင့် တကယ့် အဖြစ်မှန်ကို ပြောရမယ်ဆိုရင် မက်ဆီက ဘာစီလိုနာ အသင်းထံ မပြန်ချင်တာမျိုး မဟုတ်ပါဘူး။ အဲဒါအတွက် ဘာစီလိုနာ အသင်းက သူ့ကို ဘာမှတောင် မမေးမြန်းခဲ့တာမျိုးပါ။ လက်ရှိမှာ မက်ဆီက သူ့ရဲ့ အခြေအနေတွေ အားလုံးအတွက် ပျော်ရွှင်နေပါတယ်။”

“ကမ္ဘာ့ဖလား ပြိုင်ပွဲအပြီး သူ့ရဲ့ အားလပ်ရက်တွေ ပြီးဆုံးသွားလို့ ပီအက်စ်ဂျီ အသင်းထံ ပြန်ရောက်တဲ့အခါ စာချုပ်သစ် သဘောတူညီ အပြီးသတ်ဖို့ အရှိန်မြှင့် လုပ်ဆောင်ပါလိမ့်မယ်။ ကျွန်တော့် အမြင်အရ ပြောရမယ်ဆိုရင် ပဲရစ်မှာရှိတဲ့ သူ့ရဲ့ဘဝက ဟန်ချက်ညီနေပြီး အဲဒီမှာ ပျော်နေမယ်လို့လည်း ယူဆမိပါတယ်။”

“နောက်ပြီး သူ့ရဲ့ ပရိတ်သတ်တွေ အားလုံးကလည်း ပီအက်စ်ဂျီ အသင်းမှာ မက်ဆီ ကစားနေတာကို ကျေနပ် နှစ်သက်ကြမှာဖြစ်ပြီး၊ အဲဒီအသင်းနဲ့ ချန်ပီယံလိဂ် ဆုဖလား ထပ်မံ ဆွတ်ခူးနိုင်ဖို့ အလားအလာကောင်းတွေ ရှိနေပါတယ်။ ဒါ့အပြင် ဘလွန်းဒီအော် ဆုအတွက်လည်း စိန်ခေါ်နိုင်ဖွယ် ရှိပါလိမ့်မယ်။”

မက်ဆီဟာ ဘလွန်းဒီအော်ဆု ၇ကြိမ်တိုင် ရယူထားနိုင်တဲ့ ကစားသမား ဖြစ်ပြီး၊ သူဟာ ၂၀၂၂ခုနှစ်ရဲ့ ဘလွန်းဒီအော် ဆုပေးပွဲမှာတော့ ဆန်ကာတင် ကစားသမား ၃၀ယောက်ထဲမှာတောင် မပါဝင်ခဲ့ပဲ အဆိုပါနှစ်ရဲ့ ဘလွန်းဒီအော်ဆုကို ကာရင်ဘန်ဇီမာက ဆွတ်ခူး သွားနိုင်ခဲ့ပါတယ်။

ဒါပေမယ့် အာဂျင်တီးနား အသင်း ကမ္ဘာ့ဖလား အောင်မြင်မှု ရယူနိုင်ခဲ့ရာမှာ မက်ဆီက ၇ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၃ကြိမ်ပြုလုပ်ပြီး ချန်ပီယံဖြစ်ဖို့ ကူညီပေးနိုင်ခဲ့တာကြောင့် ၂၀၂၃ခုနှစ်ရဲ့ ဘလွန်းဒီအော်ဆုကို ရယူနိုင်ဖို့ ရေပန်းအစားဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။

ကာတာ ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ မက်ဆီရဲ့ ခြေစွမ်း ထက်မြက်မှုဟာ စောင့်ကြည့်သူတွေ အတွက် အံ့အားသင့်စရာ ဖြစ်နေခဲ့ပြီး၊ အာဂျင်တီးနား စူပါစတားဟာ ဒီရာသီမှာ ပီအက်စ်ဂျီ အသင်းအတွက်လည်း ခြေစွမ်းကောင်းတွေ ပုံမှန် ပြသထားနိုင်ခဲ့တာ တွေ့ရပါတယ်။

အသက် ၃၅နှစ်အရွယ် ရှိပြီဖြစ်တဲ့ မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီ အသင်းအတွက် လီဂူးဝမ်းနဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲ၂ရပ် ၁၈ပွဲပါဝင် ကစားပေးခဲ့ရာ ၁၁ဂိုးသွင်းယူ ပေးနိုင်ခဲ့ပြီး၊ ဂိုးဖန်တီးမှု ၁၄ကြိမ်ပြုလုပ်ကာ သူ့ရဲ့ ခြေစွမ်းကောင်းတွေ ပြန်လည် ရရှိလာခဲ့ပြီဖြစ်ကြောင်း သက်သေပြထားခဲ့ပါတယ်။