ညက ကစားသွားခဲ့ကြတဲ့ အာဆင်နယ်နဲ့ ဝက်စ်ဟမ်းတို့ရဲ့ ပွဲစဉ်မှာ အာဆင်နယ်တို့ဟာ ပွဲကစားချိန်ပထမပိုင်းမှာ ဝက်စ်ဟမ်းရဲ့ ဦးဆောင်မှုကို ခံခဲ့ရပေမဲ့လည်း ဒုတိယပိုင်း သွင်းဂိုးတွေနဲ့ ပြန်လာနိုင်ခဲ့ပြီး ပွဲပြီးဆုံးချိန်မှာ (၃-၁)ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ဝက်စ်ဟမ်းအတွက် သွင်းဂိုး တစ်ဂိုးကိုတော့ ပွဲကစားချိန် (၂၇) မိနစ်မှာ ဘန်ရာမာက ပင်နယ်တီကနေ တဆင့် သွင်းယူပေးသွားခဲ့တာ ဖြစ်ပြီး အာဆင်နယ် အတွက် သွင်းဂိုးတွေကိုတော့ ပွဲကစားချိန် (၅၃)မိနစ်မှာ ဆာခါ၊ (၅၈)မိနစ်မှာမာတင်နယ်လီနဲ့ (၆၉)မိနစ်မှာ အမ်ကီတီယာတို့က သွင်းယူပေးခဲ့တာပါ။

ကမ္ဘာ့ဖလား အပြီး ပထမဆုံး ပြန်လည် စတင် ပရီးမီးယားလိဂ် ပွဲစဉ်မှာ အာဆင်နယ်တို့ဟာ တိုက်စစ်ပိုင်းမှာ ဒဏ်ရာ ရရှိနေတဲ့ ဂျီးဆပ်စ်နေရာမှာ အမ်ကီတီယာကို ထည့်သွင်းလာတာကလွဲရင် လူစုံတက်စုံပဲ ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။

ဂိုးသမားနေရာမှာ ရမ်စ်ဒေး၊ နောက်တန်းမှာ ဘန်ဝှိုက်၊ ဆလီဘာ၊ ဂါဘရီရယ်၊တိုင်ယာနေးတို့ ပွဲထွက်လာခဲ့ပါတယ်။ ကွင်းလယ်မှာတော့ အိုဒီဂတ်၊ ပါတေးနဲ့ ဇာခါတို့ ပွဲထွက်လာခဲ့ပါတယ်။ တိုက်စစ်ပိုင်းမှာ ဆာခါ၊ အမ်ကီတီယာနဲ့ မာတင်နယ်လီတို့ ပွဲထွက်လာခဲ့ပါတယ်။

ဝက်စ်ဟမ်းတို့ကလည်း ဂန်းနားတို့ကို ယှဉ်ဖို့ အတွက် အင်ပြည့် အားပြည့်နဲ့ ပွဲထွက်လာခဲ့တာ ဖြစ်ပြီး ဂိုးသမားနေရာမှာ ဖေဘီယန်စကီး၊ နောက်တန်းမှာ ခရက်စ်ဝဲလ်၊ ခမ်ဟာ၊ ဒေါ်ဆန်၊ ကော့ဖဲလ်တို့ ပွဲထွက်လာခဲ့တာကို တွေ့ခဲ့ရပါတယ်။

ကွင်းလယ်ခံစစ်နေရာမှာ ဒီကလန်ရိုက်နဲ့ဆော့ဆက်ခ်တို့ ပွဲထွက်လာခဲ့ပြီး တောင်ပံနှစ်ဖက်မှာ ဘန်ရာမာနဲ့ ဘိုဝမ်တို့ ပွဲထွက်လာခဲ့ပါတယ်။ ကွင်းလယ်တိုက်စစ်နေရာမှာတော့ ပါကွီတာ ပွဲထွက်လာခဲ့ပြီး တိုက်စစ်ပိုင်းမှာတော့ အန်တိုနီယိုက ဦးဆောင်လာခဲ့ပါတယ်။

အနားရထားတဲ့ ကစားသမားတွေကြောင့် ပွဲကစားချိန် ပထမပိုင်းမှာ အာဆင်နယ်တို့ လုပ်ရကိုင်ရ ခက်နေခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ ပွဲကစားချိန် (၂၇)မိနစ်မှာ အာဆင်နယ်တို့ ပင်နယ်တီပေးခဲ့ရပြီး ဒီပင်နယ်တီကို ဘန်ရာမာက အမှားအယွင်းမရှိ ကန်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

ပထမပိုင်းမှာတော့ အာဆင်နယ်တို့ ဝက်စ်ဟမ်းကို အသာစီးရယူဖို့ တော်တော်လေး ခက်ခက်ခဲခဲ ဖြစ်နေခဲ့ရပြီး အကျပ်ရိုက်နေခဲ့ရတာ ဖြစ်ပါတယ်။ ဒုတိယပိုင်းရောက်မှာတော့ အာဆင်နယ်တို့က ပွဲကို သေချာပြန်စိုးမိုးလာနိုင်ခဲ့တာ ဖြစ်ပါတယ်။

ခြေပဂိုးရဖို့ နဲ့ အနိုင်ဂိုးရဖို့အတွက် ထိရောက်တဲ့ ခြိမ်းခြောက်မှုတွေ ပြုလုပ်လာနိုင်ခဲ့ကြပြီးတော့ ပွဲကစားချိန် (၅၃)မိနစ်မှာ အိုဒီဂတ်ရဲ့ ဖန်တီးပေးမှုကနေတဆင့် ဆာခါက ခြေပဂိုးပြန်လည် သွင်းယူပေးသွားနိုင်ခဲ့ပါတယ်။

ခြေပဂိုးရပြီး သိပ်မကြာခင်မှာပဲ ပွဲကစားချိန် (၅၈) မိနစ်အရောက်မှာ ဇာခါရဲ့ ဖန်တီးပေးမှုကနေတဆင့် မာတင်နယ်လီက ဦးဆောင်ဂိုးကို ထပ်မံ သွင်းယူပေးသွားခဲ့ပါတယ်။ (၅)မိနစ်အတွင်း ခြေပဂိုးနဲ့ အနိုင်ဂိုး သွင်းယူနိုင်ခဲ့တဲ့ အာဆင်နယ်တို့က ယုံကြည်မှု ပိုမြင့်တက်လာခဲ့ပြီး ပိုကောင်းလာခဲ့ပါတယ်။

ဝက်စ်ဟမ်းဘက်ကို ပိုပြီးတော့ဖိဖိစီးစီး ကစားလာနိုင်ခဲ့ပြီးတော့ ပွဲကစားချိန် (၆၉) မိနစ်မှာတော့ အနိုင်သေချာစေမယ့် သွင်းဂိုးကို အိုဒီဂတ်ရဲ့ ဖန်တီးပေးမှုကနေတဆင့်ပဲ အမ်ကီတီယာက သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။

(၃-၁)ဆိုတဲ့ ရလဒ်ဖြစ်သွားချိန်မှာ အာဆင်နယ်တို့က ကစားအားကို ချပြီး ပွဲရလဒ်ကိုထိန်းဖို့ ကြိုးစားလာခဲ့ပါတယ်။ ဝက်စ်ဟမ်းတို့ကတော့ ခြေပဂိုးတွေ ရဖို့ လုံလောက်တဲ့ ခြေစွမ်းမရှိပဲ ပွဲပြီးဆုံးချိန်မှာတော့ (၃-၁)ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။

ဒီပွဲစဉ်ကို အနိုင်ရရှိခဲ့တာကြောင့် အာဆင်နယ်တို့ဟာ ဒုတိယနေရာက နယူးကာဆယ်ကို (၇)မှတ်ဖြတ်ထားနိုင်ခဲ့ပြီး အမှတ်ပေးဇယားရဲ့ အဆင့် (၁)နေရာမှာ သာသာယာယာ ရပျတညျလကြျရှိနသေေးတာာပဲ ဖြစ်ပါတယ်။