ကိုင်လီယန် အမ်ဘာပေဟာ ပီအက်စ်ဂျီ အသင်းမှာ ဆက်ရှိနေမယ့် စာချုပ်သစ် ချုပ်ဆိုဖို့အတွက် အရေးပါတဲ့ အချက်၃ချက်ကို တောင်းဆိုထားတယ်လို့ စပိန် သတင်းဌာနတခုက ဖော်ပြခဲ့ပြီး၊ သူ့ရဲ့ တောင်းဆိုမှုတွေထဲမှာ ကစားသမား အရောင်းအဝယ် ကိစ္စအပြင် နည်းပြသစ် ခေါ်ယူရေးလည်း ပါဝင်နေပါတယ်။

ပြင်သစ် စူပါစတား အမ်ဘာပေဟာ လက်ရှိ ဘောလုံးရာသီ မတိုင်မီက အလွတ် ပြောင်းရွှေ့ကြေးနဲ့ ရီးရဲလ်မက်ဒရစ် အသင်းထံ ပြောင်းရွှေ့လိမ့်မယ်လို့ အများစုက ယူဆခဲ့ကြပေမယ့်၊ ထင်မှတ်မထားတဲ့ အဖြစ်အပျက် တွေနဲ့အတူ ပီအက်စ်ဂျီ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့ပါတယ်။

ပီအက်စ်ဂျီ အသင်းနဲ့ ဒီတိုက်စစ်မှူးရဲ့ လက်ရှိ စာချုပ်သက်တမ်းဟာ ၂၀၂၄-၂၀၂၅ခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်ထိ ရှိနေမှာဖြစ်ပေမယ့်၊ အသင်းမှာ သူ့ရဲ့ အရေးပါမှုနဲ့ ပတ်သက်လို့ မကျေနပ်တာမျိုးတွေ ဖြစ်နေနိုင်ကြောင်း သုံးသပ်မှုတွေလည်း ရှိနေပြန်ပါတယ်။

အမ်ဘာပေ အနေနဲ့ လီဂူးဝမ်း ထိပ်သီးကလပ်ဟာ သူ့အပေါ် သစ္စာဖောက်တယ်လို့ ခံစားနေရကြောင်း သတင်းတွေက ဖော်ပြနေပြီး၊ စာချုပ်သစ် ချုပ်ဆိုခဲ့ချိန်က ကတိကဝတ်တွေကို အသင်းဘက်က လိုက်နာဖို့ ပျက်ကွက်ခဲ့တယ်လို့ စွပ်စွဲမှုတွေ ရှိနေပါတယ်။

ဒါ့ကြောင့် သူဟာ လာမယ့်နှစ်မှာ အသင်းကနေ ထွက်ခွာမယ်လို့ ခြိမ်းခြောက်ထားကြောင်း သိရပြီး အသက် ၂၄နှစ်အရွယ် ကစားသမားဟာ ပီအက်စ်ဂျီ အသင်းအပေါ် နောက်တကြိမ် ယုံကြည်တော့မှာ မဟုတ်ကြောင်း အခိုင်အမာ ရေးသား ဖော်ပြနေကြပါတယ်။

ဒါပေမယ့် အခုအခါမှာတော့ အမ်ဘာပေဟာ ပီအက်စ်ဂျီ အသင်းကို နောက်ထပ် အခွင့်အရေးပေးဖို့ ဆန္ဒရှိနေနိုင်တယ်လို့ ခန့်မှန်းမှုတွေ ရှိလာခဲ့ပြီး၊ သူဟာ အသင်းမှာ ဆက်ရှိနေဖို့ အတွက် အချက်၃ချက်ကို တောင်းဆိုထားတယ်လို့ စပိန် သတင်းဌာနတခုရဲ့ ဖော်ပြမှုအရ သိရပါတယ်။

သတင်းတွေအရ ပြင်သစ်သား တိုက်စစ်မှူးရဲ့ ပထမဆုံး တောင်းဆိုချက်က နေမာကို ပဲရစ်မြို့ကနေ ထွက်ခွာစေချင်တာ ဖြစ်ပြီး၊ ယခုနှစ် ဘောလုံးရာသီမှာ အဆိုပါ တိုက်စစ်မှူး နှစ်ဦးဟာ ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုး ရှိမနေဘူးလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အမ်ဘာပေဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ သူ့ကို အသင်းက ရောင်းချဖို့ တာဝန်ရှိသူတွေထံ တောင်းဆိုခဲ့တယ်လို့ နေမာက ပြောခဲ့ဖူးပြီး၊ သူတို့နှစ်ဦးဟာ ဩဂုတ်လက မွန့်ပယ်လီယာ အသင်းကို ၅၂ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပယ်နယ်တီ ကန်သွင်းခွင့်နဲ့ ပတ်သက်လို့ အငြင်းအခုံ ဖြစ်ခဲ့ကြပါသေးတယ်။

ဒါပေမယ့် နေမာဟာ ပီအက်စ်ဂျီ အသင်းမှာ အမ်ဘာပေနဲ့ အဆင်မပြေတဲ့ တခုတည်းသော အကြောင်းပြချက် မဟုတ်ပဲ မိုနာကို တိုက်စစ်မှူးဟောင်းဟာ အသင်းရဲ့ နည်းပြ ခရစ္စတိုဖီ ဂယ်လ်တီယာကို ပြင်သစ်သား နည်းပြကြီး ဇီနဒင်းဇီဒန်းနဲ့ အစားထိုးဖို့ လိုလားနေပါတယ်။

ပီအက်စ်ဂျီ အသင်းကို အမ်ဘာပေ တောင်းဆိုထားတဲ့ နောက်ဆုံး အချက်ကတော့ တော့တင်ဟမ် ဟော့စပါး အသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူပေးဖို့ ဖြစ်ပြီး၊ သူဟာ ပဲရစ်မှာ အင်္ဂလန် အသင်းခေါင်းဆောင်နဲ့ တွဲကစားဖို့ စိတ်အား ထက်သန်နေတယ်လို့ သိရပါတယ်။

ကိုင်လီယန် အမ်ဘာပေဟာ ပီအက်စ်ဂျီ အသင်းနဲ့ အနာဂတ် မသေချာသေးဘူး ဆိုပေမယ့် အသင်းအတွက် ကြိုးစား ကစားပေးနေတာ တွေ့ရပြီး၊ သူဟာ ၂၀၂၂ခုနှစ် ဖီဖာ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ပြင်သစ် အသင်းနဲ့ မပူးပေါင်းမီ ပီအက်စ်ဂျီ အသင်းအတွက် ပုံစံကောင်းတွေ ပြသထားနိုင်တာ တွေ့ရပါတယ်။

သူဟာ ယခုနှစ် ဘောလုံးရာသီမှာ ပီအက်စ်ဂျီ အသင်းအတွက် ပြိုင်ပွဲစုံ ၂၀ပွဲကစား ပေးထားရာမှာ ၁၉ဂိုးသွင်းယူကာ ၅ဂိုးဖန်တီး ပေးထားနိုင်ပြီး၊ ကမ္ဘာ့ဖလား ပြိုင်ပွဲ ပြီးဆုံးချိန်မှာလည်း သူ့ရဲ့ အနားယူချိန်တွေကို လျှော့ချကာ အသင်းနဲ့ ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။