ဒီနေ့မနက်ပိုင်း၊ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အာဆင်နယ်က ဝက်စ်ဟမ်းကို ဂိုးပြတ် အနိုင်ရခဲ့ပြီးနောက် နည်းပြ အာတီတာရဲ့အသင်းဟာ အခုရာသီချန်ပီယံဆုဖလားကို သိမ်းပိုက်နိုင်စွမ်းရှိတယ်လို့ ဝက်စ်ဟမ်း ကွင်းလယ်လူ ဒီကလန်ရိုက်က ရှင်းပြခဲ့ပါတယ်။ Boxing Day လန်ဒန်ဒါဘီပွဲစဉ်မှာ အာဆင်နယ်က ၃-၁ ဂိုးနဲ့ အနိုင်ရရှိပြီး အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ၇ မှတ်အထိ ဖြတ်ပြီး ဦးဆောင်လိုက်ပါတယ်။

ဒီပွဲစဉ်အပြီး အာဆင်နယ်က ချန်ပီယံဆုကို စိန်ခေါ်နိုင်မလားလို့ မေးမြန်းလာချိန် ဒီကလန်ရိုက်စ်က “၁၀၀ ရာခိုင်နှုန်းသေချာပါတယ်။ သူတို့က မယုံကြည်နိုင်လောက်စရာကောင်းမွန်တဲ့ နည်းပြတွေ၊ အရည်အသွေးအပြည့်ရှိတဲ့ တိုက်စစ်မှူးတွေနဲ့ ငယ်ရွယ်တဲ့ ထိပ်တန်း အသင်းဖြစ်သလို ဒီလမ်းကြောင်းအပေါ် ဆက်လျှောက်လှမ်းနိုင်မယ်ဆိုတာ သေချာပါတယ်။

ပထမပိုင်းပွဲချိန်တွေမှာ သူတို့ကို တားဆီးနိုင်ဖို့ ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် မလုံလောက်ခဲ့ဘူး။ တကယ့်ကိုစိတ်ပျက်စရာပါ”လို့ ပြောဆိုခဲ့ပါတယ်။ အခုပွဲစဉ်ပထမပိုင်း ပွဲချိန်အတွင်း ဝက်စ်ဟမ်းက ဘန်ရာမာရဲ့ပယ်နယ်တီသွင်းဂိုးနဲ့ ပွဲကိုဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပွဲချိန်အတွင်း ဆာကာ၊ မာတင်နယ်လီ၊ အန်ကတ်တီယားတို့ရဲ့ သွင်းဂိုးတွေနဲ့ အာဆင်နယ်က အိမ်ကွင်းနိုင်ပွဲကို ဖော်ဆောင်နိုင်ခဲ့တာပါ။

ဒူးဒဏ်ရာ ရနေလို့ အဓိကတိုက်စစ်မှူးဂျီးဆပ်စ်ကို လက်လွှတ်ထားရတဲ့ အာဆင်နယ်အတွက် ဒီပွဲစဉ်ရလဒ်ပိုင်းက အိမ်ကွင်း ၁၀ ပွဲဆက်အနိုင်ရရှိမှု ဖြစ်လာခဲ့ပါတယ်။ “ခက်ခဲတဲ့ပွဲစဉ်တစ်ခုပါ။ ပထမပိုင်းမှာ ကျွန်တော်တို့က ဘောလုံးပိုင်ဆိုင်မှု အသာစီးမရပေမယ့် တစ်ဂိုးအသာနဲ့ ဦးဆောင်ဖို့အတွက် အစီအစဉ်ဆွဲထားခဲ့ပါတယ်။

ဒါပေမယ့် မန်စီးတီးလို စွမ်းဆောင်ရည်ကောင်းတဲ့ အသင်းဖြစ်တဲ့ အာဆင်နယ်ကို ဒီရလဒ်ပိုင်းနဲ့ မိနစ် ၉၀ လုံး မဦးဆောင်နိုင်ခဲ့ဘူး။ အဆုံးမှာတော့ သူတို့ရဲ့ အခွင့်အရေးဖန်တီးမှုတွေအနက် တစ်ခုက တစုံတရာဆီ ဦးဆောင်သွားခဲ့ပြီး ပွဲကို စိတ်ကြိုက်စိုးမိုးကစားခွင့် ရရှိခဲ့ပါတယ်။ ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားခဲ့ပေမယ့် ပြန်မလာနိုင်တော့ဘူး။ ကွင်းထဲမှာ လဲပြိုသွားခဲ့တယ်။ သူတို့က ကျွန်တော်တို့အသင်းကို အလဲထိုးခဲ့တာပါ”လို့ ရိုက်စ်က ဆက်ပြောခဲ့ပါတယ်။