လီဗာပူးဟာ မနေ့ညက ဗီလာပက်မှာ အိမ်ရှင် အက်စတွန်ဗီလာကို အကြိတ်အနယ် ကစားကာ ဆာလား ဗန်ဒိုက် ဘက်ဂျက်တစ် တို့ရဲ့ ဂိုးတွေနဲ့အတူ ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါဟာ လီဗာပူးရဲ့ ၃ ပွဲဆက် ပရီးမီးယားလိဂ် နိုင်ပွဲ ဖြစ်ပြီး ကလော့ဟာ သူ့အသင်းရဲ့ ကစားပုံနဲ့ ပက်သက်ပြီး ကျေနပ်လျက် ရှိနေပါတယ်။

ယာဂန်ကလော့က “ခက်ခဲတဲ့ ပွဲစဉ်မှာ top performance ကို ပြသခဲ့တာပါ။ ပထမပိုင်းမှာ ကျနော်တို့ရဲ့ ကစားပုံ တအားကို ကောင်းခဲ့ပါတယ်။ ဗီလာဘက်ကလည်း အခွင့်အရေးတွေ ရခဲ့ပေမယ့် ကျနော်တို့ဟာ တကယ့်ကို ကောင်းခဲ့တာပါ။ ကျနော် မြင်ခဲ့ရတာကို နှစ်သက်ခဲ့ပါတယ်။ ပထမပိုင်း အပြီးမှာ ကောင်လေးတွေကို ငါတို့ ဒီထက်ပိုကောင်းအောင် ကစားနိုင်သေးတယ်လို့ ပြောခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ပြသနာကတော့ ကျနော်တို့ဟာ ရုတ်တရက်ဆိုသလိုပဲ နောက်ဆုံးအဆင့်တွေမှာ လွဲချော်မှုတွေ ဖြစ်ခဲ့ပါတယ်။

ဗီလာဟာ ချေပဂိုး ပြန်ရဖို့အတွက် တအားကို ကြိုးစားလာခဲ့ပြီး အိမ်ကွင်းမှာတော့ ဒါဟာ သာမန် အခြေအနေပါပဲ။ ဒါတွေ ဖြစ်လာမယ်ဆိုတာ ကျနော်တို့ သိပါတယ်။ ဒီကာလတွေကို ကျော်ဖြတ်သွားနိုင်ဖို့ပဲ လိုပါတယ်။ တတိယဂိုးက ဒီထက် စောစောရခဲ့သင့်ပါတယ်။ ဒါပေမယ့် အိုကေပါတယ်။ တတိယဂိုး ရသွားခဲ့တဲ့ ပုံစံကို ကျနော် နှစ်သက်ပါတယ်။” လို့ပြောသွားပါတယ်။

ဆက်လက်ပြီး ကလော့ဟာ ဗီလာကို ခက်ခက်ခဲခဲ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်က ဂိုးသွင်းရှင် နှစ်ဦး ဖြစ်တဲ့ ဆာလား နဲ့ အသက် ၁၉ နှစ်အရွယ် စပိန် လူငယ်ကြယ်ပွင့် ကစားသမား ဘက်ဂျက်တစ် တို့ကို ချီးကျူးသွားခဲ့ပါတယ်။ ဆာလားဟာ လီဗာပူး အတွက် အဖွင့်ဂိုးကို သွင်းယူကာ အန်ဖီးဂန္တဝင် ကန်နီဒဲလ်ဂလစ်ခ်ျရဲ့ ကလပ်အတွက် ၁၇၂ ဂိုး သွင်းယူပေးခဲ့တဲ့ သွင်းဂိုးမှတ်တမ်းကို အမှီလိုက်နိုင်ခဲ့ပါတယ်။

ကလော့က “ဆာကန်နီဒလ်ဂလစ်ခ်ျနဲ့ တစ်တန်းတည်း ကိုယ့်ရဲ့ နာမည်ကို ဖော်ပြခံရပြီဆိုရင်တော့ ခင်‌ဗျားဟာ တစ်စုံတစ်ရာ မှန်ကန်တဲ့ အရာကို လုပ်ဆောင်ထားလို့ပါပဲ။”

အဲဒီနောက် ဒုတိယမြောက် ပရီးမီးယားလိဂ် ပွဲစဉ်မှာ ကလပ်အတွက် ပထမဦးဆုံး စီနီယာ သွင်းဂိုးကို ရရှိခဲ့တဲ့ ဘက်ဂျက်တစ် နဲ့ပက်သက်ပြီး ကလော့က “သူဟာ ကိုယ်ဘာလုပ်နိုင်သလဲဆိုတာကို ပြသခဲ့ပါတယ်။ သူဟာ တအားကို ချစ်ဖို့ကောင်းလှတဲ့ ကောင်လေးပါ။ ဘာကိုမှ စိတ်ပူနေခြင်း မရှိဘဲ ဘောလုံးကိုသာ အကောင်းဆုံး ကစားသွားဖို့ အာရုံစိုက်‌ထားသူပါ။ သူ့ရဲ့အဖေက ဘောလုံးသမား ဖြစ်ခဲ့တာကြောင့် ဘောလုံးပိုးကရှိနေပြီးသားပါ။ attitude and awareness တွေက ကြီးမားပြီး သူနဲ့အတူ အလုပ်လုပ်ရတာဟာ ကြည်နူးစရာပါပဲ။” လို့ဆိုလိုက်ပါတယ်။

ဆက်လက်ပြီး ကလော့က ဗီလာနဲ့ပွဲမှာ အခွင့်အရေးများစွာ လွဲချော်ခဲ့ပြန်တဲ့ နူးနက်ဟာ သူ့ရဲ့ ဂိုးသွင်းခြေစွမ်းကို ပြန်လည် ရှာဖွေနိုင်လိမ့်မယ်ဆိုတာ သံသယဖြစ်စရာ မရှိဘူးလို့ ဆိုလိုက်ပါတယ်။ နူးနက်ဟာ ဒီပွဲမှာ ဂိုးမရခဲ့ပေမယ့်လည်း ဗီလာခံစစ်ကြောင်းကို ပြသနာများစွာ ပေးခဲ့တဲ့ အပြင် အသင်းရဲ့ တတိယဂိုးမှာလည်း အဓိက ပါဝင်ပက်သက်ခဲ့တာကြောင့် Amazon’s Man of the Match ဆုကို ရခဲ့ပါတယ်။

ကလော့က “သူဟာ ဒီပွဲစဉ်မှာ တအားကောင်းအောင် ကစားခဲ့ပါတယ်။ အဲဒီနောက် ဘဝဟာ သူ့အတွက် မတရားခဲ့ပါဘူး။ သူ ဂိုးတွေသွင်းယူလာနိုင်မယ်ဆိုတာ ကျနော့်ဘက်က သံသယ မဖြစ်မိပါဘူး။ သူ့ကြောင့် ကျနော်တို့ဟာ ဘောလုံးကို တစ်ချက်ထိန်းကာ ပြိုင်ဘက်ခံစစ်ကြောင်းကို ကျော်ပြီး ပေးပို့နိုင်တဲ့ အခြေအနေ ရလာခဲ့ပါတယ်။ ဒါဟာ ပြိုင်ဘက်အတွက် ဖြေရှင်းရတာ ခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ တအားကို ပါဝါကောင်းတဲ့ ကစားသမား ဖြစ်နေလို့ပါ။ အမှန်ပါပဲ။ သူဂိုးတွေ ရလာမှာပါ။ ဒါဟာ တိုက်စစ်မှုးတွေ ကြုံရလေ့ရှိတဲ့ သာမန် အခြေအနေပါပဲ။ အရာအားလုံး အိုကေသွားမှာပါ။” လို့ ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။