အာဂျင်တီးနားစတား အန်ဇိုဖာနန်ဒက်ဇ်ကို ခေါ်ယူနိုင်ရေးပြိုင်ပွဲမှာ ခါးသီးပြိုင်ဘက် လီဗာပူးထက် လက်ဦးမှုရစေဖို့ ယူနိုက်တက်က ကစားသမားရဲ့ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၁၀၆ သန်းအပြည့်ပေးဖို့ ဆန္ဒရှိနေပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အထွန်းတောက်ဆုံးခြေစွမ်းတွေပြသနိုင်ခဲ့တဲ့ အာဂျင်တီးနားလက်ရွေးစင် ကွင်းလယ်လူက ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ ကာလအတွင်း အာဂျင်တီးနားပြည်တွင်းကလပ် ရေးဗားပလိတ်မှ ပေါ်တူဂီထိပ်သီး ဘင်ဖီကာဆီ ပြောင်းရွှေ့လာခဲ့တာပါ။

အသက်-၂၁ နှစ်အရွယ် ကစားသမားဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံး လူငယ်ကစားသမားဆုကို ရရှိခဲ့ပြီး ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေအပြင် စပိန်အင်အားကြီး ရီးရဲလ်မက်ဒရစ်ကလည်း ခေါ်ယူနိုင်ဖို့ စောင့်ကြည့်နေပါတယ်။

UOL Esporte သတင်းဌာနရဲ့အဆိုအရ အန်ဇိုဖာနန်ဒက်ဇ်ကို ခေါ်ယူနိုင်ရေးပြိုင်ပွဲရဲ့အစောပိုင်းကာလတွေမှာ လီဗာပူးက ဦးဆောင်နေခဲ့ပေမယ့် လက်ရှိမှာတော့ ယူနိုက်တက်က အသာရနေတယ်လို့ ဖော်ပြလာပါတယ်။ကစားသမားရဲ့ စာချုပ်ဖျက်သိမ်းကြေးကိုပါ ပေးချေသွားမယ်လို့ ယူနိုက်တက်က ဘင်ဖီကာဆီ အကြောင်းကြားခဲ့တယ်လို့ ဒီသတင်းဌာနက ဆက်လက်ဖော်ပြခဲ့ပါတယ်။

လီဗာပူးအနေနဲ့လည်း ဒေ့ါမွန်ကြယ်ပွင့်ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ အာရုံစိုက်နေဖွယ်ရှိတာကြောင့် အာဂျင်တီးနား လက်ရွေးစင်ကိုခေါ်ယူနိုင်ရေးပြိုင်ပွဲမှာ ယူနိုက်တက်ဦးဆောင်လာတယ်လို့ သတင်းတွေမှာ ဖော်ပြလာပါတယ်။

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့အတွင်း အဲရစ်ဆင်၊ ကတ်စ်မဲရိုးတို့လို ဝါရင့်ကစားသမားတွေကို ခေါ်ယူခဲ့မှုနဲ့အတူ နည်းပြတန်ဟက်က အသင်းရဲ့ကွင်းလယ်ပိုင်းကို ပြန်လည်တည်ဆောက်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘာစီလိုနာကွင်းလယ်လူ ဒီဂျောင်ကိုခေါ်ယူဖို့ တန်ဟက်က ကြိုးပမ်းခဲ့ပေမယ့်လည်း အပြောင်းအရွှေ့ တရားဝင်ဖြစ်မြောက်လာတာမျိုး မရှိခဲ့ပါဘူး။

နည်းပြတန်ဟက်ရဲ့ လက်ရှိအစီအစဉ်မှာ ကတ်စ်မဲရိုးနဲ့ အဲရစ်ဆင်တို့က ကွင်းလယ်ပိုင်းကို ဦးဆောင်ပေးနေသလို တွမ်မီနေးကလည်း အနာဂတ်အစီအစဉ်တွေမှာ ပါဝင်နေပါတယ်။ ဒါ့အပြင် ယူနိုက်တက်က အသင်းရဲ့ကွင်းလယ်လူ ဖရက်ဒ်ကို နောက်ထပ် ၁၂ လ စာချုပ်သက်တမ်းတိုးထားခဲ့ပါတယ်။

အေဂျက်စ်မှာ နည်းပြတန်ဟက်နဲ့ အတူ တောက်ပခဲ့တဲ့ ဗန်ဒီဘိခ်ကတော့ လတ်တလော ခြေစွမ်းပြသနိုင်ခြင်းမရှိပေမယ့် အသင်းမှာ ဆက်ရှိနေမှာ ဖြစ်ပါတယ်။

ဇန်နဝါရီဈေးကွက်မှာ ယူနိုက်တက်က ဗဟိုတိုက်စစ်မှူးနေရာကို အင်အားဖြည့်တင်းသွားဖို့ ရှိနေပြီး သတင်းတွေအရ ပီအက်စ်ဗွီစတား ဂတ်ပိုနဲ့ အက်သလက်တီကိုမက်ဒရစ်ရဲ့ ဂျာအိုဖီးလစ်တို့ကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။