အာဂျင်တီးနားနဲ့ အတူ ကမ္ဘာ့ဖလားအောင်ပွဲ ဆင်နွဲနေတဲ့ လီယွန်နယ်မက်ဆီတစ်ယောက် ဇန်နဝါရီလဆန်းပိုင်းမှသာ ပီအက်စ်ဂျီ အသင်းနဲ့ ပြန်လည်ပူးပေါင်းမှာဖြစ်ကြောင်း နည်းပြ ခရစ္စတိုဖာဂယ်လ်တီယာက အတည်ပြုသွားခဲ့ပါတယ်။

ဘောလွန်းဒီအော ၇ ဆုရှင် အာဂျင်တီးနား အသင်းခေါင်းဆောင်ဟာ လွန်ခဲ့တဲ့ ၉ ရက်တုန်းက ပြင်သစ်အသင်းကို ပင်နယ်တီနဲ့အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလားဖိုင်နယ်မှာ သွင်းဂိုး ၂ ဂိုးထိ နိုင်ငံအသင်းအတွက် သွင်းယူပေးခဲ့ပါတယ်။

၃၅ နှစ်အရွယ် မက်ဆီဟာ ပီအက်စ်ဂျီအသင်းရဲ့ လာမယ့် ဗုဒ္ဓဟူးနေ့မှာ စထရာဘော့နဲ့ အိမ်ကွင်းလိဂ်ပွဲစဉ်ရယ်၊ တနင်္ဂနွေနေ့မှာ လန်းစ်အသင်းနဲ့ အဝေးကွင်းပွဲစဉ်တွေကို လွဲချော်သွားမှာပဲ ဖြစ်ပါတယ်။ နည်းပြဂယ်လ်တီယာက

“သူ(မက်ဆီ) အာဂျင်တီးနားမှာ အောင်ပွဲတွေပြုလုပ်ဖို့ ရှိနေဦးမှာပါ၊ အသင်းတာဝန်ရှိသူတွေနဲ့ တိုင်ပင်ပြီး သူ့ကိုဇန်နဝါရီ ၁ ရက်နေ့မှ အသင်းနဲ့ပြန်ပူးပေါင်းဖို့ မှာထားတယ်။ အဲ့ဒီနေ့ကျရင်တော့ သူကျွန်တော်တို့နဲ့ အတူရှိနေမှာပါ။ ၂ ရက်နေ့နဲ့ ၃ ရက်နေ့တွေဆိုရင်တော့ ကျွန်တော်တို့နဲ့ ပုံမှန်အတိုင်း ပြန်လေ့ကျင့်ပါမယ်။ ၁၃ ရက်၊ ၁၄ ရက်နေ့လောက်ဆိုရင်တော့ ပြန်ကစားနိုင်လောက်မယ်ထင်ပါတယ်”လို့ ပြောခဲ့ပါတယ်။

ဂယ်လ်တီယာက အခြားကစားသမားတွေလည်း အချိန်ဇယားအတိုင်း ပြန်လာကြမှာဖြစ်ပြီး ဗုဒ္ဓဟူးနေ့ပွဲစဉ်မှာဆိုရင် ပြင်သစ်တိုက်စစ်မှူး ကီလီယန်အမ်ဘာပေအပါအဝင် ပြင်သစ်ကြယ်ပွင့်တွေလည်း ပါဝင်ကစားသွားမယ်လို့ ပြောခဲ့ပါတယ်။ ကမ္ဘာ့ဖလားအပြီးမှာ မက်ဆီနဲ့အမ်ဘာပေတို့ကြား အဖုအထစ်လေးတွေ ရှိနိုင်မလားဆိုတဲ့ မေးခွန်းကိုတော့ ဂယ်လ်တီယာက ယတိပြတ်ငြင်းဆန်သွားခဲ့ပါတယ်။

ဂယ်လ်တီယာက “ကီလီယန်နဲ့လီယိုကြားမှာ ဘာမှဖြစ်စရာအကြောင်း မရှိပါဘူး။ ကီလီယန်က ကမ္ဘာ့ဖလားမရခဲ့ပေမယ့် အကောင်းဆုံးစိတ်ဓာတ်နဲ့ စွမ်းဆောင်ရည်ကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဘယ်သူမဆို ကမ္ဘာ့ဖလားဖိုင်နယ်လိုပွဲမျိုး ရှုံးနိမ့်တာက စိတ်ပျက်စရာချည့်ပါပဲ။”

“သူလည်း အရမ်းကို စိတ်ပျက်နေမှာ သေချာပါတယ် ဒါပေမယ့် သူဘယ်လိုနေထိုင်ရမလဲဆိုတာ ကောင်းကောင်းသိပါတယ်။ လီယို့ကိုလည်း ဂုဏ်ပြုပေးမှာ သေချာပါတယ်၊ ဒါက အသင်းအတွက်ရော၊ ကစားသမားတွေအတွက်ပါ ကောင်းတဲ့ အချက်ပါပဲ ” လို့ ပြောခဲ့ပါတယ်။