ချဲလ်ဆီးကြယ်ပွင့် ကိုင်ဟားဗက်ဇ်က နည်းပြ ဂရေဟမ်ပေါ်တာဟာ သူ့ကို လွတ်လပ်စွာ ကစားခွင့်နဲ့ ယုံကြည်မှုတွေ ပေးစွမ်းခဲ့ကြောင်း ဘုန်းမောက်နဲ့ ပွဲအပြီး ဖွင့်ဟလာခဲ့ပါတယ်။

ကိုင်ဟားဗက်ဇ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ပထမဆုံးပြန်ကစားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချဲလ်ဆီးတိုက်စစ်ကို ဦးဆောင်ခဲ့ပြီး သွင်းဂိုးတစ်ဂိုးနဲ့ ဖန်တီးမှုတစ်ကြိမ် ရရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ ပွဲအပြီးမှာ ဂျာမန်သားက နည်းပြ ပေါ်လက်အောက် ကစားရတာက ပိုပြီး အဆင်ပြေကြောင်း အသိအမှတ်ပြု ပြောပြာလာခဲ့ပါတယ်။

ဟားဗက်ဇ်က “ပေါ်တာက ကျွန်တော့်ကို ကွင်းထဲမှာ သက်သောင့်သက်သာနဲ့ လွတ်လပ်စွာ ကစားခွင့်ပေးထားပါတယ်။ ကျွန်တော်က လွတ်လွတ်လပ်လပ်ကစားပြီး ဧရိယာထဲ ပြေးဝင်ရတာ ကြိုက်ပါတယ်။ သူက ကျွန်တော့်ကို ယုံကြည်မှုတွေ အများကြီး ပေးစွမ်းခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။

ပေါ်တာဟာ ချဲလ်ဆီး အသင်းကို စက်တင်ဘာလအစောပိုင်းက စတင်တာဝန်ယူခဲ့ပြီး ၁၄ပွဲ ကိုင်တွယ်ရာမှာ ၇ပွဲအနိုင်ရအောင် စွမ်းဆောင်ပေးခဲ့ပြီး ယမန်နေ့ ဘုန်းမောက်ကို နိုင်ခဲ့ပြီး အဆင့်၈ နေရာ ရောက်လာကာ အဆင့် ၄ နေရာနဲ့ ၆ မှတ်အကွာ ရောက်လာခဲ့ပါတယ်။

ချဲလ်ဆီး အသင်းဟာ ဇန်နဝါရီ၁ ရက်နေ့မှာ နောက်ထပ်ပရီးမီးယားလိဂ်ပွဲစဉ် အဖြစ် နော်တင်ဟမ်ဖောရက်စ်နဲ့ ဆက်လက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။