မန်ချက်စတာ ယူနိုက်တက် နည်းပြကြီး အဲရစ် တန်တဟ် က သူတို့ဟာ ဇန်နဝါရီ ဈေးကွက် အတွင်းမှာ တိုက်စစ်မှူးသစ် အရှာ ထွက်သွားမယ့် အကြောင်း မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် အပြီးမှာ ထုတ်ဖော် အတည်ပြု သွားခဲ့ ပါတယ် ။

ဒါပေမယ့် တန်ဟတ် ဟာ မနေ့ညက နော်တင်ဟမ် ဖောရက်စ် ကို အနိုင် ကစားခဲ့တဲ့ ယူနိုက်တက် တိုက်စစ်ပိုင်း ကိုလည်း ချီးကျုး ခဲ့ပြီး ဒီ တိုက်စစ် နဲ့ ခရီးဆက်လို့လည်း ရနိုင်ကြောင်း ပြောဆို ခဲ့တာကြောင့် ယူနိုက်တက် ပရိသတ်တွေ အပြည့်မ၀ မပျော်နိုင်ဘဲ ဖြစ်ခဲ့ရ ပါတယ် ။

ယူနိုက်တက် ဟာ ဒီနှစ်မှ ပရီးမီးယားလိဂ် ကို တန်းပြန်တက် လာတဲ့ နော်တင်ဟမ် ဖောရက်စ် အသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ပြီး မားကပ် ရက်ဖိုဒ့် ၊ အန်တိုနီ မာစီရယ် တို့ရဲ့ ဂိုးတွေနဲ့ ပထမပိုင်းမှာ အနိုင် ရရှိ နေခဲ့ ပါတယ် ။

ဒုတိယပိုင်း မှာတော့ လူစားဝင် လာတဲ့ ဖရက်ဒ် က ယူနိုက်တက် အတွက် တတိယမြောက် ဂိုးကို သွင်းပေး ခဲ့ပြီး အနိုင် ၃ မှတ်ကို ခရစ္စမတ် လက်ဆောင် အဖြစ် ရယူပေးနိုင်ခဲ့ ပါတယ် ။

“ကျွန်တော်တို့ ဈေးကွက်ထဲကို အမြဲ စောင့်ကြည့် နေပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့ ခေါ်မယ့်လူက ကျွန်တော်တို့ လိုအပ်ချက်တွေ သတ်မှတ်ချက်တွေ နဲ့ ကိုက်ညီတဲ့သူ ဖြစ်နေဖို့က ပိုအရေးကြီး ပါတယ် ။ နောက် တချက်ကတော့ ဘဏ္ဍာရေးပိုင်းပေါ့ ၊ ဒါတွေအားလုံးနဲ့ ကိုက်ညီတဲ့ ကစားသမားကို ကျွန်တော်တို့ ရှာဖွေ နေပါတယ်” လို့ တန်ဟတ် က လာမယ့် ဇန်နဝါရီမှာ လူသစ် ခေါ်ယူမလား ဆိုတဲ့ မေးခွန်းကို ဖြေဆို သွားခဲ့ပါတယ် ။

ယူနိုက်တက် နဲ့ ကာလ အတန်ကြာ သတင်းကြီး နေတဲ့ နယ်သာလန် တောင်ပံ ကစားသမား ကိုဒီ ဂတ်ပို ဟာ လီဗာပူး အသင်းထံ ရုတ်တရက် ပြောင်းရွှေ့ သွားတာကြောင့် အားလုံး အံ့အားသင့် ခဲ့ရ ပါတယ် ။ နာမည်ကျော် ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနို ကတော့ ယူနိုက်တက် ဟာ ကစားသမား ဘက်နဲ့ အားလုံး ချိတ်ဆက် သဘောတူပြီး ခဲ့ပေမယ့် ကလပ် အသင်းဘက် ကိုတော့ တရားဝင် ကမ်းလှမ်းမှု မပြုလုပ် ခဲ့ဘူးလို့ ပြောဆိုခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ ခရစ္စတီယာနို ရိုနယ်ဒို ရဲ့ လမ်းခွဲ သွားမှုကြောင့် လာမယ့် ဇန်နဝါရီမှာ တိုက်စစ်မှူး တယောက် ကို ခေါ်ယူ အစားထိုး ရတော့မှာ ဖြစ်ပြီး တန်ဟတ် ကလည်း ဒီကိစ္စ ကို အတည်ပြုခဲ့ ပါတယ် ။

ဒါပေမယ့် မနေ့ညက ပွဲက အသင်းရဲ့ တိုက်စစ်သမားတွေ ကိုလည်း ချီးကျုး ပြောဆိုခဲ့ပြီး အဆုံးသတ်ပိုင်း ပိုအားကောင်းအောင် လေ့ကျင့်ဖို့ လိုအပ်ကြောင်း ထောက်ပြ ပြောဆို သွားခဲ့ ပါတယ် ။

“ကျွန်တော်တို့ ဒီထက် ပိုပြီး သွင်းနိုင်ခဲ့သင့် ပါတယ် ။ အခွင့်အရေးကောင်းတွေ အများကြီး ဖန်တီး နိုင်ခဲ့ပြီး တတိယ ဂိုး မရခင် အထိ ကျွန်တော် စိတ်မကျေနပ် နိုင်ခဲ့ပါဘူး ။ ဒီရလဒ် က အဲ့ထက်စောပြီး ဖြစ်ခဲ့သင့် တာပါ ။

ပထမပိုင်းပြီးတော့ အဝတ် လဲခန်း ထဲမှာ တကယ်ကောင်းတဲ့ အခွင့်အရေးတွေကို အသုံးမချ နိုင်ခဲ့တဲ အကြောင်း ကျွန်တော်တို့ ဆွေးနွေး ခဲ့ကြပါတယ် ။ အဆုံးသတ်သာ ပိုကောင်းအောင် လုပ်လာနိုင်ရင် ပွဲတွေ က ပိုကစားရ လွယ်ကူလာမှာပါ”

“ကျွန်တော်တို့မှာ တိုက်စစ်သမား ၄ ယောက် ( မာစီရယ် ၊ ရက်ဖိုဒ့် ၊ အီလန်ဂါ ၊ ဂါနာချို ) ရှိပါတယ် ။ သူတို့ ၄ ယောက်လုံး ကြံ့ခိုင် နေမယ် ဆိုရင် လူအလဲအပြောင်း လုပ်ပြီး ကစားနိုင်မှာပါ ။ ပွဲတွေ ကစားဖို့ ရှိနေပါတယ် ။ ခွန်အားတွေ ချွေတာနိုင်လေ များများ ဆက်သွားလို့ ရလေပါပဲ ။ ဒီညမှာတော့ သူတို့ ကစားတာနဲ့ ပတ်သက်ပြီး ကျွန်တော် အားရ ပျော်ရွှင်ရတဲ့ အပိုင်းတွေ ရှိခဲ့ပါတယ်” လို့ အဲရစ်တန်ဟတ် က ပြောဆိုခဲ့ ပါတယ် ။

ဒီနိုင်ပွဲကြောင့် ယူနိုက်တက် ဟာ အဆင့် ၅ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပြီး သရေကျခဲ့တဲ့ အဆင့် ၄ က စပါး နဲ့ ၁ မှတ်အကွာကို ရောက်ရှိ လာခဲ့ ပါတယ် ။ လာမယ့် နှစ်သစ်ကူးမှာတော့ ယူနိုက်တက် ဟာ ဝုဗ် အသင်းနဲ့ အဝေးကွင်း ပွဲစဉ်ကို ယှဉ်ပြိုင် ကစား သွားရမှာ ဖြစ်ပါတယ် ။