ခရစ္စတီယာနို ရော်နယ်လ်ဒို တယောက် အိုးလ်ထရက်ဖို့ဒ်မှ ထွက်ခွာခဲ့တာဟာ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ကို သရဲနီတို့ရဲ့ အသက်သွေးကြော ဖြစ်လားစေခဲ့တယ်လို့ ယုံကြည်ကြောင်း မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် နောက်ခံလူ ပက်ထရစ် အီဗရာက ပြောလိုက်ပါတယ်။

ဒါ့အပြင် ပေါ်တူဂီ ကြယ်ပွင့် ဘရူနို ဖာနန်ဒက်စ်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အဓိက ကွင်းလယ် ဖန်တီးရှင် ဖြစ်သင့်တယ်လို့လည်း ပြင်သစ် လက်ရွေးစင် အသင်းခေါင်းဆောင်ဟောင်း အီဗရာက ပြောခဲ့ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အသင်းနဲ့ အကြီးအကျယ် ပြဿနာ ဖြစ်ခဲ့ပြီးနောက် မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ နိုဝင်ဘာလက လမ်းခွဲခဲ့တာ ဖြစ်ပြီး၊ ပေါ်တူဂီ စူပါစတားဟာ ဗြိတိန် ရုပ်သံတင်ဆက်သူ ပီယာ့စ်မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အငြင်းပွားစရာတွေ ထုတ်ပြောခဲ့ပါတယ်။

သူဟာ အဆိုပါ အင်တာဗျူးမှာ မန်ချက်စတာ ယူနိုက်တက် အသင်း တာဝန်ရှိသူတွေ အပါအဝင် နည်းပြ အဲရစ်တန်ဟဂ်၊ အသင်းဖော်ဟောင်းတွေ ဖြစ်ကြတဲ့ ဂယ်ရီနဗီးလ်နဲ့ ဝိန်းရွန်းနီတို့ကို အပြင်းအထန် ဝေဖန်ခဲ့ပြီး အသင်းကနေ ထွက်ခွာရတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။

ရော်နယ်လ်ဒိုနဲ့ ဖာနန်ဒက်စ်တို့ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အသင်းရဲ့ ပယ်နယ်တီ ကန်သွင်းခွင့်ကို အလှည့်ကျ ရယူခဲ့သူတွေဖြစ်ပြီး၊ ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပယ်နယ်တီ ၂ကြိမ်လွဲချော်ခဲ့တာကြောင့် ရော်နယ်လ်ဒိုနဲ့ အလှည့်ကျ ပယ်နယ်တီ ကန်သွင်းခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့် ယခုအခါ ရော်နယ်လ်ဒို ထွက်ခွာသွားတာကြောင့် အသင်းရဲ့ ပယ်နယ်တီ ကန်သွင်းခွင့်ကို တာဝန်ယူရမယ့် အဓိက ကစားသမားက ဖာနန်ဒက်စ် ဖြစ်လာခဲ့ပြီး၊ ဒီအခြေအနေအပေါ် မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်း ပက်ထရစ် အီဗရာက သူ့ရဲ့အမြင်ကို အခုလို ပြောထားပါတယ်။

“ဘရူနို ဖာနန်ဒက်စ်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အဓိက ကစားသမား အနေနဲ့ ရှိနေရမှာဖြစ်ပြီး၊ အခုချိန်မှာ ရော်နယ်လ်ဒို ထွက်သွားတာကြောင့် ဘရူနိုက အသင်းမှာ ဆရာကြီး ပြန်ဖြစ်လာပြီလို့ ခင်ဗျား ခံစားမိပါလိမ့်မယ်။”

“အခုဆိုရင် သူက မန်ချက်စတာ ယူနိုက်တက် အသင်းမှာ အလွတ် တည်ကန်ဘောတွေ ကန်ခွင့်ရမယ့်သူ၊ ထောင့်ကန်ဘောတွေ ကန်ခွင့်ရမယ့်သူ ဖြစ်လာခဲ့ပါပြီ။ ဒီအရာတွေက ဖာနန်ဒက်စ် လိုအပ်နေတာ ဖြစ်ပြီး၊ သူက အရင်ထက် ယုံကြည်မှု ပိုကောင်းလာပါလိမ့်မယ်။”

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ရက်နေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ နော်တင်ဟမ်ဖောရက်စ် အသင်းကို ၃-၀ဂိုးနဲ့ အနိုင်ရခဲ့ပြီး အသင်းအတွက် အနိုင်ဂိုးတွေကို မားကပ်စ်ရပ်ခ်ျဖို့ဒ်၊ အန်သိုနီမာရှယ်နဲ့ ဖရက်ဒ်တို့က သွင်းယူ ပေးခဲ့ပါတယ်။

တဖက်မှာ ပြီးခဲ့တဲ့လက အိုးလ်ထရက်ဖို့ဒ်မှ ထွက်ခွာခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ဆော်ဒီအာရေဗီးယား ကလပ်အသင်း တသင်းဖြစ်တဲ့ အေအယ်လ်နာဆာ အသင်းက ကမ်းလှမ်းမှုတွေ ပြုလုပ်ထားကြောင်း သိရပေမယ့် လက်ရှိမှာတော့ သူဟာ အသင်းလက်မဲ့ ကစားသမားအဖြစ် ရှိနေဆဲပါပဲ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နော်တင်ဟမ်ဖောရက်စ် အသင်းကို ၃-၀ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက်၊ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့်၅နေရာ ရပ်တည်နေပြီး သရဲနီတို့ဟာ ရာသီအကုန်မှာ ချန်ပီယံလိဂ် ဝင်ခွင့်တနေရာ ရရှိဖို့အတွက် မျှော်မှန်းနေပါတယ်။

အဲရစ် တန်ဟဂ်ရဲ့ အသင်းဟာ လာမယ့် ဒီဇင်ဘာလ ၃၁ရက်နေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဝုဗ်ဗာဟမ်တန် အသင်းနဲ့ အဝေးကွင်းမှာ ရင်ဆိုင် ကစားရဖို့ ရှိနေပြီး၊ သရဲနီတို့ဟာ နှစ်ဟောင်းကို နိုင်ပွဲနဲ့ နှုတ်ဆက်နိုင်မလား ဆိုတာ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။