လီယာအိုအတွက် ဂရီးလစ်ချ်ကိုပါ အလိုက်ပေးကမ်းဖို့ မန်စီးတီးက စဉ်းစားနေပါတယ်လို့ သတင်းတွေအရ သိရှိရပါတယ်။ ချဲလ်ဆီး၊ အာဆင်နယ်တို့နှင့် အပြိုင် မန်စီးတီးဟာ အေစီမီလန်နှင့် ပေါ်တူဂီတောင်ပံကစားသမားကို ခေါ်ယူချင်နေတာဖြစ်ပါတယ်။

မန်စီးတီးဟာ အသင်းရဲ့စံချိန်တင်ပြောင်းရွေးကြေးဖြင့် ခေါ်ယူထားတဲ့ ကစားသမားကိုပါ အလိုက်ပေး ကမ်းလှမ်းသွားနိုင်ပါတယ်လို့ Calciomercatoweb က ဖော်ပြထားပါတယ်။ကစားသမားလဲလှယ်ဖို့လုပ်မယ်ဆိုရရင်တောင် မီလန်အနေနဲ့ ဂရီးလစ်ချ်ရဲ့ အသက်အရွယ်နဲ့ သူ့ရဲ့ တစ်ပတ်လုပ်ခ ပေါင် ၃၀၀၀၀၀ ကို ထည့်သွင်းစဉ်းစားလာနိုင်ကြောင့် အခြေအနေတွေက မရှင်းလင်းသေးပါဘူး။

ခရစ္စမတ်ပရိုမိုးရှင်းအနေနဲ့ Amazon ရဲ့ ယာဉ်မောင်းသူအဖြစ် သရုပ်ဆောင်ခဲ့တဲ့ အသက် ၂၇ နှစ်အရွယ် ကစားသမားဟာ ၂၀၂၁ခုနှစ် အက်စ်တွန်ဗီလာကနေ ပေါင် သန်း ၁၀၀ ဖြင့် ပြောင်းရွေ့လာကတည်းက အကောင်းဆုံး ခြေစွမ်းရရှိဖို့ ရုန်းကန်ခဲ့ရတာပါ။

လက်ရှိအချိန်ထိ ဂွါဒီယိုလာရဲ့ လက်အောက်တွင် ၅၆ ပွဲအထိ ကစားထားပြီး ၇ ဂိုးသွင်းယူကာ ၄ ဂိုး အထိသာ ဖန်တီးပေးထားနိုင်ပါတယ်။ လက်ရှိရာသီမှာတော့ ၁ ဂိုး သွင်းယူပြီး ဂိုး ဖန်တီးပေးနိုင်ခြင်းတော့ မရှိသေးပါဘူး။

အေစီမီလန်နှင့် စာချုပ် ၁၈ လသာ ကျန်ရှိတော့တဲ့ လီယာအိုကို ခေါ်ယူဖို့အတွက် မန်စီးတီးနည်းပြဟာ အင်္ဂလန်စတားကို အသုံးပြုလိုနေပါတယ်။ ပြီးခဲ့တဲ့ ၃ နှစ်တာ ကာလအတွင်း ဘယ်တောင်ပံတွင်ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် အသက် ၂၃ နှစ်အရွယ် လီယာအိုကို စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။

လက်ရှိရာသီမှာတော့ ပေါ်တူဂီသားဟာ ပွဲပေါင်း ၂၀ ကစားထားပြီး ၇ ဂိုးသွင်းယူကာ ၉ ဂိုး ဖန်တီးပေးထားပါတယ်။ ပေါ်တူဂီအသင်း ကွတားဖိုင်နယ်ရောက်ရှိခဲ့တဲ့ ကမ္ဘာ့ဖလားပွဲစဉ်အဖြစ် ဂါနာနှင့် ဆွစ်ဇာလန်တို့အား အနိုင်ရရှိခဲ့တဲ့ပွဲတွေမှာ သူဟာ ဂိုးတွေ သွင်းယူနိုင်ခဲ့ပါတယ်။

လီယာအိုဟာ ဇန်နဝါရီလ ၄ ရက်နေ့မှာ ကစားမယ့် မီလန်ရဲ့ပွဲစဉ်တွေအတွက် အာရုံစိုက်နေတာဖြစ်သော်လည်း လက်ရှိရာသီ အာဆင်နယ်အသင်းရဲ့ ပွဲစဉ်တွေကိုကြည့်ပြီး ပျော်ရွင်နေကာ အသင်းပြောင်းဖို့ လမ်းဖွင့်ထားတယ်လို့ ဝန်ခံထားပါတယ်။

လိဂ်အသစ်သို့ ပြောင်းရွေ့နိုင်တဲ့အတွက် မေးမြန်းရာတွင် ” အနာဂတ်မှာတော့ ဟုတ်ပါဘူး။ အခုတော့ ကျွန်တော်ဟာ မီလန်အတွက် ရာနှုန်းပြည့်အာရုံစိုက်ထားပါတယ်” “ကျွန်တော် ထိပ်တန်းကလပ်တစ်ခုရှိနေပြီး စာချုပ်သက်တမ်းလည်း ရှိနေသေးပါတယ်။ မြို့တော်ကိုလည်း ကျွန်တော်က သဘောကျပါတယ်။ အာဆငနယ်အသင်းကိုလည်း သဘောကျပြီး ဒီနှစ်ရဲ့ ပွဲစဉ်တွေ တော်တော်များများကို ကြည့်ပြီးပါပြီ။ သူတို့တွေ အကောင်းဆုံးကစားနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ ဖြေပါတယ်။

ဘဏ္ဍာရေးအနေအထားရ သူ့ရဲ့အသင်းဟာ ကစားသမားကို ရောင်းချမှာမဟုတ်ပါဘူးလို့ အေစီမီလန်အသင်းရဲ့ အကြီးအကဲ မယ်လ်ဒီနီက ယုံကြည်နေပါတယ်။ လီယာအိုနဲ့ ပတ်သက်ပြီး “သူဟာ အဆင့်မြင်တဲ့အနေအထားမှာရှိနေတဲ့ ကစားသမားပါ။။ သူတစ်ဦးတည်း ကမ်းလှမ်းမှုတွေကို လက်ခံရရှိထားတာမဟုတ်ဘဲ အခြားကစားသမားတွေရောဖြစ်ပါတယ်”

“ရောင်းချဖို့ မလိုအပ်ဘူးဆိုရင်တောင် ကျွန်တော်တို့အနေနဲ့ ဘယ်လိုဆောင်ရွက်ရမလဲဆိုတာ ကြည့်ရမှာဖြစ်ပြီး အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေကလည်း အဆင်ပြေနေပါတယ်။ “ဒါပေမဲ့ လက်ရှိအချိန်မှာ ရောင်းလို့မရတဲ့ ကစားသမားတွေတော့ မရှိပါဘူး” လို့ မယ်လ်ဒီနီက ပြောပါတယ်။

မန်စီးတီးကတော့ လာမယ့်နှစ်မှာ ဘယ်လင်ဂမ်ကို ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။