ရီးရဲလ်မက်ဒရစ်နည်းပြအန်ဆယ်လော့တီက အာဂျင်တီးနား တိုက်စစ်မှူးမက်ဆီကို ‘ဘောလုံးသမိုင်းမှာ အကောင်းဆုံး ကစားသမား’လို့ မှတ်ယူမှာမဟုတ်ဘူးလို့ ဆိုလိုက်ပြီး ဒီဆွေးနွေးမှုအတွင်း လက်ရှိဘော်လွန်းဒီအော်ဆုရှင် ဘန်ဇီးမားကိုပါ ထည့်သွင်းခဲ့ပါတယ်။

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီးအပြီး ရီးရဲလ်မက်ဒရစ်ရဲ့ပွဲစဉ်တွေ ပြန်လည်စတင်ချိန်မှာပဲ သတင်းထောက်တွေက အာဂျင်တီးနားနဲ့ အတူ ကမ္ဘာ့ဖလားဆွတ်ခူးနိုင်ခဲ့တဲ့ မက်ဆီကို သမိုင်းတလျှောက် အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်လိုခြင်းရှိ၊မရှိ အန်ဆယ်လော့တီဆီ မေးမြန်းလာချိန် အီတာလျံနည်းပြက စိတ်ဝင်စားစရာကောင်းတဲ့ တုံပြန့်မှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

“ပြောဖို့တော့ ခက်ပါတယ်။ မက်ဆီက ဘောလုံးသမားကောင်းတစ်ဦးပါ။ သူ့ရဲ့ကစားသမားဘဝကလည်း အံ့မခန်းပါပဲ။ ဒါပေမယ့် သမိုင်းတလျှောက် အကောင်းဆုံးကစားသမားလားဆိုရင်တော့ ကျွန်တော် မသိဘူးလို့ ပြောရမှာပဲ။

ဘာကြောင့်လဲဆိုတော့ ခေတ်တိုင်းမှာ အရမ်းအရေးပါတဲ့ ကစားသမားတွေ ရှိခဲ့လို့ပါ။ မက်ဆီက သမိုင်းကြောင်းတလျှောက်အကောင်းဆုံး ကစားသမားဆိုတာမျိုးတော့ ကျွန်တော့်ပါးစပ်က ထွက်လာမှာ မဟုတ်ဘူး”လို့ အန်ဆယ်လော့တီက ရှင်းပြပါတယ်။

ဒီဆွေးနွေးမှုအတွင်း ရီးရဲလ်မက်ဒရစ်နည်းပြက သူတို့အသင်းတိုက်စစ်မှူး ဘန်ဇီးမားရဲ့နာမည်ကိုပါ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ အန်ဆယ်လော့တီက “ကစားသမားတွေအကုန်လုံးကို ကျွန်တော်ကြိုက်ပါတယ်။ အခုဆိုရင် ကျွန်တော့်မှာ ဘော်လွန်းဒီအော်ဆုရှင်ဘန်ဇီးမားနဲ့ နေ့တိုင်း အတူရှိနေရပါပြီ။ မာရာဒိုနာနဲ့ ဂျိုဟန်ခရိုက်ဖ် ကစားတာကိုလည်း ကြည့်ခဲ့ဖူးသလို သူတို့ကစားတာကိုလည်း ကျွန်တော် ကြိုက်ပါတယ်”လို့ ဆက်ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း မက်ဒရစ်အခြေစိုက်ကလပ်မှာ ကမ္ဘာ့အဆင့်ကစားဟန်မျိုးပြသနိုင်ခဲ့ပြီးနောက် ယမန်နှစ် ဘောလုံးရာသီမှာ အသင်းနဲ့ အတူ ချန်ပီယံလိဂ်၊ လာလီဂါဆုဖလားတို့ကို သိမ်းပိုက်နိုင်ခဲ့တဲ့ ပြင်သစ်သားက ၂၀၂၂ ဘော်လွန်းဒီအော်ဆုကို အနိုင်ရခဲ့ပါတယ်။

စိတ်ဝင်စားစရာကောင်းတာကတော့ အန်ဆယ်လော့တီက သူ့ရဲ့တပည့်ဟောင်း စီရော်နယ်ဒိုရဲ့နာမည်ကို အခုဆွေးနွေးမှုမှာ မထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒဏ်ရာအခြေအနေကြောင့် ပြင်သစ်အသင်းရဲ့ကမ္ဘာ့ဖလားပြိုင်ပွဲဝင် လူစာရင်းမှ ထွက်ခဲ့ရတဲ့ ဘန်ဇီးမားရဲ့ ကြံ့ခိုင်မှုအခြေအနေကိုလည်း အန်ဆယ်လော့တီက ဆက်ပြောပြခဲ့ပါတယ်။

“ကျွန်တော်တို့ရဲ့ ဘန်ဇီးမား ပြန်လာပါပြီ။ ဒါက ကောင်းပါတယ်။ သူက ဒီဇင်ဘာ ၁၀ ရက်မှာ ပြန်လာခဲ့တာပါ။ သူက အသင်းနဲ့အတူ အလုပ်တွေလုပ်ခဲ့ပြီးတော့ ကလပ်ခြေစွမ်းပွဲတွေမှာလည်း ပွဲကစားချိန်အချို့ရရှိခဲ့ပါတယ်။ သူက စိတ်အားထက်သန်မှုအပြည့်နဲ့ အကောင်းဆုံးလုပ်နေပါတယ်။

သူ့ရဲ့ပထမရာသီဝက်က အကောင်းဆုံး မဟုတ်ဘူးဆိုတာ ဘန်ဇီးမားသိထားလို့ အခုဒုတိယရာသီဝက်မှာ အကောင်းဆုံးတွေ လုပ်ပြချင်နေပါတယ်။ လက်ကျန်ဘောလုံးရာသီမှာ သူ့ရဲ့အရည်အသွေးတွေအကုန်လုံးကို ချပြသွားပါလိမ့်မယ်” လို့ အန်ဆယ်လော့တီက ဆိုပါတယ်။ ရီးရဲလ်မက်ဒရစ်က ဒီနေ့ညပိုင်းမှာ ဗယ်လာဒိုးလစ်နဲ့ လာလီဂါပွဲစဉ် ယှဉ်ပြိုင်ကစားရပါမယ်။