မန်ယူနိုက်တက် ကွင်းလယ်ကစားသမား တစ်ဦးဖြစ်တဲ့ ဘရူနို ဖာနန်ဒက်စ်က ရန်းနက်နဲ့ ဆိုးလ်ရှားတို့မှာ မရှိခဲ့တဲ့ အရာ (၂)ခု တန်ဟတ်မှာ ရှိနေတယ်ဆိုတဲ့ အကြောင်းကို ထုတ်ဖော်ပြောကြား လာခဲ့ပါတယ်။

တန်ဟတ်မှ မန်ယူနိုက်တက် နည်းပြအဖြစ် ပထမဆုံး ဘောလုံးရာသီတစ်ခုကို ကိုင်တွယ်လျက် ရှိနေတာ ဖြစ်ပြီးတော့ လက်ရှိမှာ မန်ယူနိုက်တက်တို့ဟာ အမှတ်ပေးဇယားရဲ့ အဆင့် (၅)နေရာမှာ ရပ်တည်လျက်ရှိနေပါတယ်။

မန်ယူနိုက်တက်တို့ဟာ အဆင့် (၄)နေရာက စပါးအသင်းထက် တပွဲလျှော့ကစားထားပြီးတော့ ရမှတ်တစ်မှတ် အကွာနဲ့ အဆင့် (၅)နေရာမှာ ရပ်တည်လျက် ရှိနေတာ ဖြစ်ပြီး ကာရာဘောင်ဖလားနဲ့ ယူရိုပါလိဂ် ပြိုင်ပွဲမှာလည်း ရှိနေသေးတာ ဖြစ်ပါတယ်။

တန်ဟတ်ဟာ မန်ယူနိုက်တက်ကို ဆွဲဆောင်မှု ရှိတဲ့ ကစားဟန်တစ်ခု ရရှိလာအောင်စွမ်းဆောင်ပေးထားနိုင်သလို ရက်ဖို့ဒ်ကိုလည်း ဒီရာသီမှာ အကောင်းဆုံး ပုံစံ တခု ရရှိအောင် ကူညီပေးထားနိုင်ခဲ့ပါတယ်။

ဒါ့အပြင် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာလည်း ကပ်စ်မဲရိုး၊ မာတီနက်နဲ့ မာလာစီယာတို့လို အသင်းအတွက် အများကြီး အကျိုး ဖြစ်စေမယ့် ကစားသမားတွေကိုလည်း မှန်မှန်ကန်ကန်နဲ့ ခေါ်ယူထားနိုင်ခဲ့ပါတယ်။

တန်ဟတ်ဟာ စီရော်နယ်ဒိုရဲ့ ဖြစ်ပွားခဲ့တဲ့ ပြဿနာရပ်တွေမှာလည်း ကိုင်တွယ်ဖြေရှင်းပုံတွေဟာ ပါးနပ်မှု ရှိလွန်းခဲ့ပြီးတော့ ရှောင်ထွက် သွားနိုင်ပုံတွေက အသင်းပရိသတ်တွေကြား အထင်ကြီးစရာ ဖြစ်ခဲ့တာပါ။

လက်ရှိမှာ စီရော်နယ်ဒိုဟာလည်း မန်ယူနိုက်တက်နဲ့ နှစ်ဦးသဘောတူစာချုပ်နဲ့ လမ်းခွဲ သွားခဲ့ပြီ ဖြစ်က တန်ဟတ်ရဲ့ ဦးဆောင်မှုနဲ့ အတူ မန်ယူနိုက်တက်တို့ကလည်း ဆက်လတ်ရှေ့ဆက်လျက် ရှိနေတာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်က ကစားခဲ့တဲ့ နော်တင်ဟမ်ဖောရက်ကို (၃-၁)နဲ့ နိုင်ခဲ့တဲ့ ပွဲစဉ်အပြီးမှာတော့ မန်ယူနိုက်တက် ကွင်းလယ်လူ ဖာနန်ဒက်စ်က တန်ဟတ်ရဲ့ စွမ်းဆောင်ရည်တွေနဲ့ ပတ်သက်ပြီးတော့ ရန်းနက်နဲ့ ဆိုးလ်ရှားတို့နဲ့ မတူညီတဲ့ အရာတွေကို ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

ဖာနန်ဒက်စ်က ” ခင်ဗျားက ပွဲစဉ်တွေကို အနိုင်ရရှိတဲအခါမှာ ပျော်ရွှင်ရပါမယ်၊ ခင်ဗျား အနိုင်ရနေတဲ့ အခါမှာ ပရိသတ်တွေလည်း ပိုပျော်နေကြမှာပါ၊ တိုက်စစ်မှူးတွေက ဂိုးတွေ ပို သွင်းချင်ကြပါတယ်၊ သူတို့ရဲ့ ဖန်တီးမှုတွေ ပိုရချင်ကြပါတယ်၊

ဒီလို အရာတွေက လူတိုင်း အတွက် အရေးကြီးပါတယ်၊ နည်းပြ အပြောင်းအလဲတွေနဲ့ အတူ ကျွန်တော်တို့မှာခက်ခဲတဲ့ အခိုက်အတန့်တွေ ရှိခဲ့တဲ့ အတွက်ကြောင့် ဒီလို အရာတွေ ကျွန်တော်တို့ အတွက် အရေးကြီးတယ်လို့ ထင်ပါတယ်၊

အခု ကျွန်တော်တို့ကို ခိုင်မာမှုကို ပေးနိုင်တဲ့ နည်းပြတစ်ဦးကို ရှာဖွေ တွေ့ရှိထားပြီလို့ ထင်ပါတယ်၊ အဲ့ဒါက တကယ်အရေးကြီးတာပါ၊ အဲ့ဒါက ကျွန်တော်တို့မှာ ပျောက်ဆုံးနေခဲ့တဲ့ အရာပါပဲ

ပြီးတော့ ကြီးမားတဲ့ စည်းကမ်းတွေပါ၊ ကျွန်တော့်အတွက်တော့ ဒါက ကျွန်တော်တို့ အသင်းမှာ လိုအပ်နေတဲ့ ကြီးမားတဲ့ အရာတစ်ခုပါပဲ၊ ကျွန်တော်တို့ အသင်းမှာ အဲ့ဒီအရာပျောက်ဆုံးနေခဲ့တယ်လို့ ထင်ပါတယ် ” လို့ ပြောကြား သွားခဲ့ပါတယ်။

ဖာနန်ဒက်စ်အနေနဲ့ တန်ဟတ်ရဲ့ စည်းကမ်းပိုင်းနဲ့ ကစားသမားတွေ အပေါ် ကိုင်တွယ်နိုင်စွမ်းတွေကို သဘောကျလျက်ရှိနေတာ ဖြစ်ပြီး ရန်းနက်နဲ့ ဆိုးလ်ရှားတို့လက်ထက် အသင်းမှာ ဒီလို အရာတွေ ပျောက်ဆုံးခဲ့ရတယ်လို့ ဆိုလို သွားခဲ့တာပဲ ဖြစ်ပါတယ်။