စီရော်နယ်ဒို အနေနဲ့ ဆော်ဒီကလပ် အေအိုင်နက်ဆာထံကို ပြောင်းရွှေ့ သွားခဲ့ပြီ ဖြစ်ပေမဲ့ ကစားသမားဘဝတလျှောက် မဟာပြိုင်ဘက်ကြီး ဖြစ်ခဲ့တဲ့ မက်ဆီနဲ့ နောက်ဆုံး အကြိမ် တွေ့ဆုံမှုကို မြင်တွေ့ရဖို့ ရှိနေသေးတာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားအပြီး အသင်းလက်မဲ့ ဖြစ်နေခဲ့တဲ့ စီရော်နယ်ဒိုဟာ သောကြာနေ့ကဆော်ဒီကလပ် အေအိုင်နက်ဆာထံကို ပြောင်းရွှေ့ သွားခဲ့ပြီ ဖြစ်တယ်ဆိုတာကို အေအိုင်နက်ဆာဘက်ကနေပြေီးတော့ တရားဝင်ကြေညာသွားခဲ့တာပဲ ဖြစ်ပါတယ်။

အေအိုင်နက်ဆာဘက်ကနေပြီးတော့ ” သမိုင်းတစ်ခု ပြုလုပ်ခြင်း၊ ဒီလက်မှတ် ရေးထိုးမှုဟာ ကျွန်တော်တို့ အသင်းကို ပိုမိုကြီးမားတဲ့ အောင်မြင်မှုတွေ ရရှိအောင် လှုံ့ဆော်ပေးရုံမကပဲ ကျွန်တော်တို့ရဲ့ လိဂ်၊ ကျွန်တော်တို့ နိုင်ငံ၊ ကျွန်တော်တို့ရဲ့ အနာဂတ် မျိုးဆက်၊

ကျွန်တော်တို့နိုင်ငံရဲ့ ကောင်လေးတွေ ကောင်မလေးတွေကို သူတိူ့ကို သူတို့ အကောင်းဆုံးတွေ ဖြစ်လာစေဖို့ လှုံ့ဆော်မှုတွေ ပေးနိုင်တဲ့ လက်မှတ်ရေးထိုးမှု တစ်ခု ဖြစ်စေခဲ့ပါတယ်၊ မင်းရဲ့ အိမ်အသစ်ကနေ ကြိုဆိုပါတယ်၊ ခရစ္စတီယာနိုရေ ” ဆိုပြီးတော့ ကြေညာသွားခဲ့ပါတယ်။

ပရိသတ် အချို့ကတော့ စီရော်နယ်ဒိုကို အမြင့်ဆုံး အဆင့်မှာ ကစားနေတာကို မြင်ချင်ကြသေးတဲ့ အတွက် အခုလိုမျိုး အေအိုင်နက်ဆာ ထံ ပြောင်းရွှေ့ သွားမှု အပေါ်မှာ စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့ကြတာပဲ ဖြစ်ပါတယ်။

စီရော်နယ်ဒို အနေနဲ့လည်း ချန်ပီယံ လိဂ်ကစားခွင့် ရဖို့ အတွက် အသင်းကြီး တစ်သင်းထံ ပြောင်းရွှေ့ဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပဲ အရှေ့အလယ်ပိုင်းဒေသမှာ သူ့ရဲ့ ကစားသမားဘဝကို အဆုံးသတ်ဖို့ ကြံရွယ်လာခဲ့တာ ဖြစ်ပါတယ်။

စီရော်နယ်ဒို အနေနဲ့ ဥရောပ ဘောလုံးလောကကို စွန့်ခွာလာခဲ့ပြီ ဖြစ်ပေမဲ့ ပရိသတ်တွေ အတွက်တော့ စိတ်လှုပ်ရှားစရာပေးစွမ်းမဲ့ အရာတစ်ခုကတော့ ကျန်ရှိနေဆဲပဲ ဖြစ်ပါတယ်။

ဒါကတော့ လာမယ့် ဇန်နဝါရီမှာ ရာသီဝက် ခြေစမ်းပွဲစဉ်အဖြစ် ပီအက်စ်ဂျီအသင်းဟာ ဆော်ဒီအာရေဗီးယားကို လာရောက်ကစားဖို့ စီစဉ်ထားလျက် ရှိနေတာပဲ ဖြစ်ပါတယ်။

ပီအက်စ်ဂျီ အနေနဲ့ ဆော်ဒီကလပ်တွေ ဖြစ်ကြတဲ့ အေအိုင်နက်ဆာနဲ့ အေအိုင်ဟေလယ် တို့ ပေါင်းစပ်ထားတဲ့ အသင်းနဲ့ ခြေစမ်းပွဲကစားရဖို့ ရှိနေတာကြောင့် စီရော်နယ်ဒိုနဲ့ မက်ဆီတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုကို နောက်ဆုံးအကြိမ် မြင်တွေ့ရဖို့ ရှိနေတာ ဖြစ်ပါတယ်။

ဒီလို နောက်ဆုံးအကြိမ်တွေ့ဆုံမှု ဖြစ်လာနိုင်တဲ့ မက်ဆီနဲ့ စီရော်နယ်ဒိုတို့ရဲ့ တွေ့ဆုံမှု အပေါ်မှာ ပရိသတ်တွေကတော့ အမျိုးမျိုးသော မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။

ပရိသတ်တစ်ဦးက ” ဒါက ဒစ်စနေး ရုပ်ရှင်တစ်ခုနဲ့ သွားတူနေပါတယ် ” လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။ နောက်တစ်ဦးကလည်း ” ရော်နယ်ဒိုသာ အသင်းမှာ ပါလာမယ်ဆိုရင်တော့ ” ဆိုပြီး ရေးသားသွားခဲ့ပါတယ်။

နောက်ထပ် ပရိသတ်တစ်ဦးကလည်းပဲ ” ငါကတော့ ဒါကို မစောင့်နိုင်တော့ဘူး ” ဆိုပြီးတော့ မှတ်ချက်ပေးသွားခဲ့ပါတယ်။ မက်ဆီဟာ လက်ရှိမှာ (၃၅)နှစ် ရှိပြီ ဖြစ်ပြီး ပီအက်စ်ဂျီနဲ့ အတူ အမြင့်ဆုံး ခြေစွမ်းတွေ ပြသလျက်ရှိနေသေးတာ ဖြစ်ပါတယ်။

မကြာသေးခင်ကမှလည်း အာဂျင်တီးနားနဲ့အတူ ကမ္ဘာ့ဖလားကြီးကို ဆွတ်ခူးနိုင်ခဲ့သေးတာ ဖြစ်ပါတာကြောင့် မက်ဆီရဲ့ ကစားသမားဘ၀ နောက်ဆုံး အချိန်တွေဟာ တော်တော်လေး လှပ ခမ်းနားလျက် ရှိနေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

စီရော်နယ်ဒိုကတော့ အဆင်မပြေမှုပေါင်း များစွာနဲ့ ကစားသမားဘဝနောက်ဆုံး အချိန်ကို ဖြတ်သန်းနေရတာ ဖြစ်ပြီး လက်ရှိ ဥရောပမှာ ဆက်ကစားဖို့ ဘယ်လိုမှ အဆင်မပြေတော့တဲ့ အချိန်မှာ နောက်ဆုံး ရွေးချယ်မှုအဖြစ် အေအိုင်နက်ဆာဆီကို ပြောင်း ရွှေ့ သွားခဲ့တာပဲ ဖြစ်ပါတယ်။