လီဗာပူးလ်အသင်းရဲ့တိုက်စစ်မှူး ဒါဝင်နူနက်ဟာ အန်ဖီးဒ်မြက်ခင်းစိမ်းတွေထက်ကြမ်းတမ်းတဲ့စတင်မှုတွေ ရုန်းကန်နေရပေမဲ့ ကမ္ဘာ့အဆင့် ကစားသမား ဖြစ်လာမယ်လို့ မန်ယူနိုက်တက် ကစားသမားဟောင်း ဂယ်ရီနဗီးလ်က သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

နူနက်ဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့စျေးကွက်ထဲမှာ ဘင်ဖီကာအသင်းထံကနေပြီးတော့ လီဗာပူးလ်အသင်းထံသို့ ပြောင်းရွှေ့ကြေး ပေါင် ၈၅ သန်းနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ လီဗာပူးလ်အတွက် ပြိုင်ပွဲစုံ ပွဲ ၂၀ ကစားပေးထားပြီးချိန်မှာ သွင်းဂိုး ၉ ဂိုး သွင်းယူပေးထားခဲ့တာ ဖြစ်ပါတယ်။ ပွဲ ၂၀ မှာ ၉ ဂိုးဆိုတဲ့ပမာဏက တိုက်စစ်မှူးတစ်ဦးအတွက် နည်းပါးလှပေမဲ့ အရမ်းအဆိုးကြီးတော့ မဟုတ်ဘူးလို့ ဆိုရမှာပါ။

ဒါပေမဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကိုသာ နူနက်တယောက် ကောင်းကောင်းအသုံးချနိုင်မယ်ဆိုရင် လက်ရှိသွင်းယူထားတဲ့ သွင်းဂိုးပမာဏထက် ပိုမိုများပြားတဲ့ ဂိုးအရေအတွက်ကို နူနက်တယောက် သွင်းယူထားနိုင်မယ်လို့ ဆိုရမှာပါ။

ဒီအခြေအနေတွေကြောင့်ပဲ နူနက်ဟာ မဆိုးလှတဲ့ သွင်းဂိုးတွေ သွင်းယူပေးထားပေမဲ့ ပွဲချိန်အတွင်း ဟာသဆန်ဆန် လွဲချော်မှုတွေကြောင်​့ ပရိသတ်တွေကြား ဝေဖန်မှုတွေကို လိုတာထက်ပိုခံနေရတဲ့ ကစားသမားတယောက်လည်းပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အက်စတွန်ဗီလာ ၊ လက်စတာတို့နဲ့ ကစားခဲ့တဲ့ ပွဲစဥ်တွေမှာဆိုရင်လည်း ရရှိလာတဲ့အခွင့်အရေး အများအပြားကို ဖြုန်းတီးပစ်ခဲ့တာကြောင့် အသင်းပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာလည်းပဲ ဖြစ်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ မန်ယူနိုက်တက်ကစားသမားဟောင်း ဖြစ်တဲ့ စကိုင်းစပေါ့စ် အားကစားသတင်းသုံးသက်သူ ဂယ်ရီနဗီးလ်က ” သူသာ ဂိုးတွေသွင်းနိုင်မယ်ဆိုရင် သူက ကမ္ဘာ့အဆင့်ပါပဲ၊

တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်အတွင်းမှာ သူက ကမ္ဘာ့အဆင့် ကစားသမားတယောက် ဖြစ်လာနိုင်တယ်ဆိုတဲ့ ခံစားချက်မျိုး ကျွန်တော်ရပါတယ်၊ နူနက်က ဒီလိဂ်မှာ ထိပ်တန်းတိုက်စစ်မှူးတယောက်ဖြစ်လာမယ်ဆိုတာ ၇၀ ရာခိုင်နှုန်း သေချာပါတယ်၊

ပြီးတော့ ကမ္ဘာပေါ်က အကောင်းဆုံးတွေထဲက တစ်ယောက်လည်း ဖြစ်လာဦးမှာပါ ” လို့ပြောကြားသွားခဲ့ပါတယ်။ ဂယ်ရီနဗီးလ်ပြောသလို နူနက်တယောက် ကမ္ဘာ့အဆင့်ဖြစ်လာမလားဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

လက်ရှိမှာ လီဗာပူးလ်ရဲ့ တိုက်စစ်အပိုင်းအတွက် ဂတ်ပိုကိုပါ ထပ်မံ ခေါ်ယူထားခဲ့ပါတယ်။ မာ​နေးထွက်ခွာမှုနဲ့အတူ အားနည်းသွားတဲ့ တိုက်စစ်ပိုင်းအတွက် နူနက်ကို ခေါ်ယူထားခဲ့ပေမဲ့လည်း ဒီယက်၊ ဂျိုတာတို့ ဒဏ်ရာ ရရှိသွားခဲ့တာကြောင့် ဂတ်ပိုကို ထပ်မံခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။