ညက ကစားသွားခဲ့ကြတဲ့ ဘရိုက်တန်နဲ့ အာဆင်နယ်တို့ရဲ့ ပွဲစဉ်မှာတော့ ဧည့်သည် အာဆင်နယ်တို့ဟာ အိမ်ရှင် ဘရိုက်တန်တို့ကို (၄-၂)ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိပြီး (၂၀၂၂)ကို အလှပဆုံး နှုတ်ဆက် သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီရာသီ ရပ်တန့်လို့မရတဲ့ ခြေစွမ်းတွေကို နိုင်ပွဲတွေကို တပွဲချင်း ခပ်မှန်မှန် ရယူနေတဲ့ အာဆင်နယ်တို့ဟာ အမှတ်ပေးဇယား ဒုတိယနေရာက မန်စီးတီးရဲ့ သရေ ကျမှုကို အခွင့် အရေး အပြည့်အဝယူသွားနိုင်ခဲ့တာလည်းပဲ ဖြစ်ပါတယ်။

ဒီနိုင်ပွဲ ကြောင့် အာဆင်နယ်တို့ဟာ အမှတ်ပေးဇယား ဒုတိယနေရာက မန်စီးတီးကို ရမှတ် (၇)မှတ်အထိ ဖြတ်ပြီးတော့ အဆင့် (၁)နေရာကို လွတ်လွတ် ကျွတ်ကျွတ် ဦးဆောင် ထားနိုင်ခဲ့ပြီလည်းပဲ ဖြစ်ပါတယ်။

ညက ပွဲစဉ်မှာ အာဆင်နယ် အတွက် သွင်းဂိုးတွေကို ဆာခါ၊ အိုဒီဂတ်၊ အန်ကီတီယာနဲ့ မာတင်နယ်လီတို့က သွင်းယူပေးသွားခဲ့ကြတာ ဖြစ်ပြီး ဘရိုက်တန် အတွက် ခြေပဂိုးတွေကိုတော့ မီတိုမာနဲ့ ဖာဂူဆန်တို့က ပြန်လည် သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။

ဘရိုက်တန်ဟာ ဒီရာသီ ခြေစွမ်းကောင်းနေတဲ့ အသင်း တစ်သင်း ဖြစ်ပေမဲ့လည်း အာဆင်နယ်ကိုတော့ အိမ်ကွင်းမှာတောင် ယှဉ်နိုင်ခဲ့ခြင်းမရှိပဲ ဂိုးပြတ် အရေးနိမ့် သွားခဲ့ရတာ ဖြစ်ပါတယ်။

အာဆင်နယ်တို့ဟာ ဂိုးကန်သွင်းခွင့် (၁၄)ကြိမ်သာ ရှိခဲ့ပေမဲ့ တိကျသေချာတဲ့ အခွင့်အရေးကောင်းတွေ ဖန်တီးနိုင်ခဲ့တာကြောင့် လိုအပ်တဲ့ သွင်းဂိုးတွေ ရရှိပြီး နိုင်ပွဲတစ်ပွဲကို ပိုင်ဆိုင် သွားခဲ့တာပဲ ဖြစ်ပါတယ်။

အာဆင်နယ်တို့ဟာ ဒီပွဲစဉ်ကို အနိုင်ရရှိခဲ့တာကြောင့် (၁၆)ပွဲကစားပြီးချိန်မှာ ရမှတ် (၄၃) မှတ်အထိ စုဆောင်းထားနိုင်ခဲ့ပြီးတော့ ပရီးမီးယားလိဂ် သမိုင်းမှာ (၁၆) ပွဲကစားပြီးချိန်မှာ ရမှတ် (၄၃)မှတ်ရရှိအောင် စွမ်းဆောင်နိုင်တဲ့ (၅)သင်းမြောက် အသင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့တာပဲ ဖြစ်ပါတယ်။


အာတီတာရဲ့ ဦးဆောင်မှုအောက်မှာ လူငယ်ကစားသမားလေးတွေနဲ့ အကောင်းဆုံး အတည်ငြိမ်ဆုံး ခြေစွမ်းတွေကို အာဆင်နယ်တို့က ပြန်သလျက် ရှိနေတာ ဖြစ်ပြီး ဒီရာသီ မှာ ချန်ပီယံ ဖြစ်ဖို့ ရေပန်းစားတဲ့ အသင်းအဖြစ် ထိပ်ဆုံးမှာ ဦးဆောင်လျက် ရှိနေပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။

ပုံမှန်ဆိုရင် အာဆင်နယ်တို့ဟာ ရာသီအစ ဘယ်လောက်ပဲ ရလဒ်တွေ ကောင်းကောင်း ဒီဇင်ဘာ ပွဲကြပ်ကာလာကို ရောက်ရင် ခြေစွမ်းတွေ ကျဆင်းပြီး ရလဒ်ပိုင်း ယိမ်းယိုင်သွားလေ့ ရှိတာ အစဉ်အလာ တစ်ခုလို ဖြစ်နေပေမဲ့ ဒီရာသီမှာတော့ ကွဲပြားလျက် ရှိနေပါတယ်။

ပရီးမီးယားလိဂ် (၁၆)ပွဲမှာ မန်ယူနိုက်တက် တစ်သင်းထဲကိုသာ ရှုံးနိမ့်ထားခဲ့ပြီး (၁)ပွဲ သရေကျကာ (၁၄)ပွဲ အထိအနိုင်ရရှိကာ ရမှတ် (၄၃) မှတ်အထိ စုဆောင်းထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒုတိယနေရာက မန်စီးတီးကို (၇)မှတ်အထိ ဖြတ်ထားနိုင်တဲ့ အခြေအနေက အာဆင်နယ်တို့ကို ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလားကို ပြန်လည် ဆွတ်ခူးနိုင်ဖို့ လမ်းကြောင်းမှန်ပေါ်ကို ရောက်ရှိလာစေခဲ့ပြီလို့ ဆိုရတော့မှာပဲ ဖြစ်ပါတယ်။