မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ၂၀၂၃-၂၄ ရာသီအတွက် ဖြစ်နိုင်ဖွယ်အဝေးကွင်းဝတ်စုံဒီဇိုင်းတစ်ခု ပေါက်ကြားလာခဲ့ပြီး အဆိုပါဝတ်စုံဒီဇိုင်းဟာ ပုံမှန်အသုံးပြုနေကျဒီဇိုင်းတွေနဲ့ တော်တော်လေး ကွဲထွက်နေခဲ့ပါတယ်။

ဆာအဲလက်စ်ဖာဂူဆန်ရဲ့ ယူနိုက်တက်ကို လိုက်မီဖို့ ရုန်းကန်နေရတဲ့ လက်ရှိယူနိုက်တက်အသင်းကတော့ နည်းပြအဲရစ်တန်ဟတ် လက်အောက်မှာ စတင်ပုံစံကောင်း ရရှိလာပါတယ်။

နည်းပြသစ်က သူ့ရဲ့အတွေးအခေါ်အတိုင်း အသင်းကိုဆွဲခေါ်လျက်ရှိပြီး ပြီးခဲ့တဲ့ ဝုဗ်နဲ့ပွဲစဉ်မှာဆိုရင်လည်း ခြေစွမ်းပြနေတဲ့ တိုက်စစ်ကစားသမား မားကပ်စ်ရက်ရှ်ဖို့ဒ်ကိုတောင် အစည်းအဝေးနောက်ကျမှုနဲ့ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ကာ စည်းကမ်းတင်းကျပ်မှုကို ပြသခဲ့ပါတယ်။

စနေည ဝုဗ်နဲ့ပွဲစဉ်မှာတော့ ရက်ရှ်ဖို့ဒ်က လူစားဝင်လာခဲ့ပြီး အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တာကြောင့် တန်ဟတ်ရဲ့ဆုံးဖြတ်ချက် မှန်ကန်ခဲ့တယ်လို့ ဆိုရမှာပါ။

ယူနိုက်တက်ဟာ အရန်ခုံပို့တဲ့ ပြစ်ဒဏ်မျိုးအသုံးများနေပြီး ကွင်းထဲမှာခြေစွမ်းမပြနိုင်တာနဲ့ အရန်ခုံထိုင်ရမှာသေချာနေသလို တစ်ဖက်မှာလည်း နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အသင်းပိုင်ရှင်တွေက အသင်းကိုရောင်းထုတ်ဖို့ စီစဉ်နေပါတယ်။

ဂလေဇာမိသားစုအနေနဲ့ အသင်းကိုရင်းနှီးမြှုပ်နှံဖို့ ရပ်တန့်ဖို့များနေပြီး ပရိသတ်တွေနဲ့လည်း နှစ်ရှည်လများ အဆင်မပြေဖြစ်ခဲ့ပြီးနောက် အခုတော့ ရောင်းဖို့ဆုံးဖြတ်ထားပြီဖြစ်ပါတယ်။

အသင်းက မတည်မငြိမ်ဖြစ်နေတဲ့အချက်တွေထဲမှာ ရင်ဘတ်တံဆိပ် စပွန်ဆာကိစ္စလည်းပါဝင်ပြီး လက်ရှိစပွန်ဆာ TeamViewer က သူတို့ရဲ့ ကုမ္ပဏီတွင်းပြဿနာတွေကြောင့် ယူနိုက်တက်နဲ့ စပွန်ဆာစာချုပ်ကို စောစီးစွာ အဆုံးသတ်ခဲ့ပါတယ်။

အခုတော့ ဂျာမန်နည်းပညာကုမ္ပဏီရဲ့လိုဂိုမပါဝင်တဲ့ ယူနိုက်တက်ရဲ့ လာမယ့်ရာသီ အဝေးကွင်းဝတ်စုံလို့ ယူဆရတဲ့ ဂျာစီဒီဇိုင်းတစ်မျိုး FootyHeadlines ဝက်ဘ်ဆိုဒ်မှာ ထွက်ပေါ်လာခဲ့ပါတယ်။

အဆိုပါဝတ်စုံရဲ့ ဒီဇိုင်းဟာ အငြင်းပွားဖွယ်ရှိပြီး ထူထဲတဲ့ အစိမ်းရောင်လိုင်းတွေနဲ့ အဖြူရောင်လိုင်းတွေပါဝင်တဲ့ အစင်းကြားဒီဇိုင်းဖြစ်နေပါတယ်။ အဆိုပါဝက်ဘ်ဆိုဒ်ဟာ အမြဲလိုလို သူများထက်ဦးအောင် ဝတ်စုံသစ်တွေရဲ့ ဒီဇိုင်းတွေကို တင်လေ့ရှိပြီး မှန်တာတွေလည်း ရှိဖူးတာကြောင့် အခုလိုယူနိုက်တက်ရဲ့ လာမယ့်ရာသီ အဝေးကွင်း ဝတ်စုံသစ်ကို ခန့်မှန်းမှုကလည်း ကနဦးပေါက်ကြားမှုဖြစ်ပေမယ့် မှန်ကန်နိုင်တယ်လို့ ထင်ကြေးပေးမှုတွေလည်း ရှိနေပါတယ်။

ယူနိုက်တက်ဟာ ယခင်ကလည်း အမည်း၊ အဖြူနဲ့ အပြာရောင်တွေကို အဝေးကွင်းအရောင်အဖြစ် ရွေးချယ်ခဲ့ဖူးပြီး လာမယ့်နှစ်ကျရင်တော့ အရောင်အသစ်အဖြစ် အစိမ်းရင့်ရောင်ကို ရွေးချယ်သွားဖွယ် ရှိပါတယ်။

၂၀၂၀-၂၁ ရာသီတုန်းက အစိမ်းရင့်ရောင်ကို ရောင်ပြေးအဖြစ်သာ သုံးခဲ့ဖူးပြီး အမည်း သို့မဟုတ် ခဲရောင်ကိုသာ အသားပေးခဲ့တာ ဖြစ်ပါတယ်။ လက်ရှိရာသီမှာလည်း တတိယဝတ်စုံကို အစိမ်းရောင်ထုတ်မယ်လို့ ကောလဟာလထွက်ခဲ့ဖူးပြီး တကယ်တမ်းမှာတော့ ဖြစ်မလာခဲ့ပါဘူး။