သတင်းတွေအရ ယူနိုက်တက်အသင်းဟာ အခုဇန်နဝါရီအပြောင်းအရွှေ့မှာ မိုချန်ဂလာဘတ်တိုက်စစ်မှူး မားကပ်စ်သူရမ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

အသက် ၂၅ နှစ်သားရဲ့စာချုပ်သက်တမ်းက ဇွန်လမှာ ကုန်ဆုံးမှာဖြစ်ပြီး အခုဇန်နဝါရီမှာ ပြည်ပကလပ်တွေနဲ့ အကြိုသဘောတူညီမှု ရနိုင်တာဖြစ်ပါတယ်။ ဒါပေမယ့် မိုချန်ဂလာဘတ် အသင်းကတော့ ပြင်သစ်သားကို အခုဇန်နဝါရီမှာ ထက်ဝက်ကြေးနဲ့ ရောင်းချဖို့ ပြင်ဆင်နေပါတယ်။

Daily Mail သတင်းဌာနရဲ့အဆိုအရ ယူနိုက်တက်ဟာ သူရမ်ရဲ့အခြေအနေကို စောင့်ကြည့်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ သူရမ်ဟာ အခုရာသီမှာလည်း မိုချန်ဂလာဘတ်အသင်းနဲ့ အတူ ခြေစွမ်းကောင်းတစ်ရပ်ပြသနေတာဖြစ်ပြီး ပြိုင်ပွဲစုံ ၁၇ ပွဲမှာ ၁၃ ဂိုး သွင်း ၊ ၄ ဂိုး ဖန်တီးထားနိုင်ခဲ့ပါတယ်။

ပြင်သစ်သားဟာ ဘွန်ဒက်စ်လီဂါ ၁၅ ပွဲမှာ ၁၀ ဂိုးသွင်း၊ ၃ ဂိုး ဖန်တီးနိုင်ခဲ့ကာ ဂျာမန်ပိုကယ်ဖလားမှာတော့ ၂ ပွဲမှာ ၃ ဂိုးသွင်း၊ ၁ ဂိုး ဖန်တီးထားနိုင်ခဲ့ပါတယ်။ သူရမ်ဟာ ၂၀၁၉ ဇူလိုင်လတုန်းက ဂူအမ်ပီအသင်းကနေ ဂလာဘတ်အသင်းထံ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ပြိုင်ပွဲစုံ ၁၁၉ ပွဲမှာ ၄၁ ဂိုးသွင်း ၊ ၂၆ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။

သူရမ်ကို အာဆင်နယ် ၊ အင်တာမီလန် နဲ့ နယူးကာဆယ်တို့ကလည်း အလိုရှိနေပြီး ယူနိုက်တက်ကတော့ ထွက်ခွာသွားခဲ့ပြီဖြစ်တဲ့ ရော်နယ်ဒိုနေရာမှာ အစားထိုးချင်နေပါတယ်။ ယူနိုက်တက်တိုက်စစ်ကို လက်ရှိမှာ မာရှယ်နဲ့ ရက်ရှ်ဖို့ဒ်တို့က ဦးဆောင်နေကာ ဒဏ်ရာရရှိခဲ့ရင် ပြဿနာရှိလာနိုင်တာဖြစ်ပါတယ်။

“ကျွန်တော်တို့မှာ လူအင်အားရှိပါတယ်။ ဒါပေမယ့် ခက်ခဲတဲ့လိဂ်မှာ ပြိုင်ဆိုင်မှုပြင်းထန်တာကြောင့် ကစားသမားကောင်းတွေ လိုအပ်ပါတယ်။ ဒါကြောင့်မှန်ကန်တဲ့ကစားသမားတွေကို အသင်းထံ ခေါ်ယူသွားမှာပါ”လို့ တန်ဟက်က ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်ဟာ လာမယ့်အင်္ဂါနေ့ညမှာ ဘုန်းမောက်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။