ယနေ့ နံနက် ကစားခဲ့တဲ့ လီဂူးဝမ်း ပွဲစဉ်မှာ ပီအက်စ်ဂျီ အသင်း ဒုတိယနေရာက လန်း အသင်းကို အံံအားသင့်စရာ ဂိုးပြတ် ရှုံးနိမ့်သွားခဲ့ပါတယ်။

လီဂူးဝမ်း အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ပီအက်စ်ဂျီတို့ဟာ နှစ်သစ်မှာ ဒီရာသီရဲ့ ပထမဆုံး ရှုံးပွဲကို ဂိုးပြတ် ရှုံးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။ လန်းအသင်းရဲ့ ပွဲချိန် ၅မိနစ် ဦးဆောင်ဂိုးကို ချက်ချင်း ပြန်ချေပနိုင်ခဲ့ပေမယ့် နောက်ထပ် ၂ဂိုး ပေးရပြီး ၃-၁ နဲ့ ရှုံးနိ့မ်ခဲ့ရတာ ဖြစ်ပါတယ်၊

ဒီပွဲမှာ အဓိက ကစားသမားတွေ ဖြစ်တဲ့ မက်ဆီ၊ နေမာတို့ မပါနိိုင်ခဲ့တာကြောင့် ဒီလို စိတ်ပျက်စရာ စွမ်းဆောင်ရည်မျိုး မြင်ခဲ့ရတာ ဖြစ်တယ် ဆိုတဲ့ ဝေဖန်မှုတွေ ထွက်ပေါ် လာခဲ့ပါတယ်။

ပီအက်စ်ဂျီ အသင်း နည်းပြ ကိုယ်တိုင်ကလည်း ဒီပွဲမှာ ကစားနေတာ သူ့ ကစားသမားတွေ ဟုတ်ရဲ့လားတောင် သံသယ ဝင်မိတဲ့ အထိ အံ့အားသင့်ခဲ့ရတယ်လို့ ထုတ်ပြောရလောက်အောင်
စွမ်းဆောင်ရည် ညံ့ဖျင်းခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီရလဒ်ဟာ မက်ဆီ၊ နေမာတို့ မပါလို့ ဖြစ်ခဲ့တာမျိုး မဟုတ်ပဲ ပီအက်စ်ဂျီ အသင်းသားတွေရဲ့ စုစည်းမှု အားနည်းတာကြောင့် ဖြစ်လာခဲ့တဲ့ ခြေချော်မှု တခုသာ ဖြစ်တယ်လို့ ပီအက်စ်ဂျီ အသင်းခေါင်းဆောင် မာကွင်ဟိုက ဆိုခဲ့ပါတယ်။

” သူတို့ (မက်ဆီနဲ့ နေမာ)က ပွဲအဖြေကို ပြောင်းလဲ ပေးနိုင်တဲ့ ဂရိတ်ကစား သမားတွေပါ။ ဒါပေမယ့် သူတို့ မပါပဲ ကျွန်တော်တို့ အသင်းက နိုင်ပွဲတွေ ရယူထားတာ အားလုံး အသိပဲ။ ကျွန်တော်တို့ အသင်းဖော်တွေကြား ညီညွတ်မှုကို ပြန်လည် ရှာဖွေရမယ်။ ”

” ဒီနေ့ပွဲမှာ လန်းစ် အသင်းက တော်တော် ကောင်းခဲ့တယ်။ အထူးသဖြင့် ပထမပိုင်းမှာပေါ့။ တဦးချင်း ရင်ဆိုင်တွေ့တဲ့ အခြေနေတွေမှာဆိုရင် သူတို့ အသာ ရခဲ့တယ်။ ဒါ့ကြောင့် အခုလို ရလဒ်မျိုး ဖြစ်သွားတာပါ။ ”

” ကျွန်တော်တို့ ဂိုးတွေ ပြန်သွင်းဖို့ အခွင့်ရေးတွေ ရခဲ့တယ်။ ဒါပေမယ့် သူတို့​လောက် အခွင့်ရေးတွေကို အကောင်းဆုံး အသုံး မချနိုင်ခဲ့ဖူး။ ” ဆိုပြီး မာကွင်ဟိုက ဆိုသွား ခဲ့ပါတယ်။

လန်းအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်ဟာ ၂၀၂၂ မတ်လ နောက်ပိုင်စ ပထမဆုံး လီဂူးဝမ်း ရှုံးပွဲ ဖြစ်ခဲ့ပြီး ၂၅ ပွဲဆက် ရှုံးပွဲ မရှိ စံချိန် ကျိုးပျက်သွားခဲ့တာ ဖြစ်ပါတယ်။

ရလဒ်ပိုင်းနဲ့ ပတ်သက်ပြီး အလွန် စိတ်ပျက်နေတဲ့ ဂတ်တီယာကလည်း ကွင်းထဲမှာ ကစားနေတာ သူ့ရဲ့ ကစားသမားတွေတောင် ဟုတ်ရဲ့လား သံသယ ဝင်မိတဲ့ အထိ အံ့အားသင့်ခဲ့ရတယ်လို့ ထုတ်ပြောခဲ့ပါတယ်။

” လန်း အသင်းက ဒီနိုင်ပွဲနဲ့ ထိုက်တန်ပါတယ်။ ကျွန်တော့် အနေနဲ့ကတော့ ကွင်းထဲမှာ ကစားနေတာ ကျွန်တော့် အသင်းတောင် ဟုတ်ရဲ့လား သံသယ ဝင်မိတယ်။ ”

” ကျွန်တော်တို့ တဦးနဲ့ တဦး အစေးမကပ်ဖူး။ ပွဲချိန် ကြာလာတာနဲ့ အမျှ အပေးအယူမမျှတာ ပိုဆိုးလာခဲ့တယ်။ ပြိုင်ဖက်ကို နေရာလွတ်တွေ အများကြီး ပေးတယ်။ နည်းစနစ်ပိုင်း အမှားတွေလည်း အများကြီးပဲ။ ”

” တကယ်ကို အံ့အားသင့်စရာ ကောင်းတဲ့ စွမ်းဆောင်ရည်ပါပဲ။ သူတို့ လုပ်ပြနေကြ အရာတွေ ဒီနေ့ပွဲမှာ လုံးဝ ထုတ်ပြနိုင်ခဲ့ခြင်း မရှိပါဖူး။ ” ဆိုပြီး ပီအက်စ်ဂျီ နည်းပြ ဂတ်တီယာကို ပွဲအပြီး စိတ်ပျက်လက်ပျက် ဆိုသွားခဲ့ပါတယ်။