အာဆင်နယ် အသင်းခေါင်းဆောင် မာတင် အိုဒီဂတ်ဟာ လက်ရှိအချိန်မှာ မန်စီးတီး အသင်းရဲ့ စူပါစတား ကီဗင် ဒီဘရိုင်းထက် ပိုကောင်းတယ်လို့ အက်စတွန်ဗီလာနဲ့ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူးဟောင်း ဂါဘရီရယ် အဘွန်လဟောက ထုတ်ပြောသွားခဲ့ပါတယ်။

နော်ဝေး လက်ရွေးစင် အသင်းနဲ့ အာဆင်နယ် အသင်းခေါင်းဆောင် အိုဒီဂတ်ဟာ နည်းပြ မိုက်ကယ် အာတီတာရဲ့ နည်းစနစ်မှာ အဓိကကျတဲ့ ကွင်းလယ်လူတဦး ဖြစ်ပြီး၊ သူ့ရဲ့ ဖန်တီးနိုင်စွမ်းနဲ့ ကွင်းလယ်ကို စိုးမိုးနိုင်စွမ်းတွေဟာ ဒီရာသီ အာဆင်နယ် အသင်းမှာ အရေးပါနေတာ တွေ့ရပါတယ်။

အသက် ၂၄နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ စနေနေ့ညက ဘရိုက်တန် အသင်းကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဂန်းနားတွေ အတွက် လုံးဝကို အရေးပါခဲ့ပြီး အဆိုပါပွဲမှာ အာဆင်နယ် အသင်းက ၄-၂ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

အိုဒီဂတ်ဟာ ဘရိုက်တန် အသင်းနဲ့ပွဲမှာ တိုက်စစ် လမ်းကြောင်းပွင့်ဖို့ ကွင်းလယ်ကနေ ဘောလုံးကို အကောင်းဆုံး ဖြန့်ဝေပေးနိုင်ခဲ့ပြီး၊ ကိုယ်တိုင် ၁ဂိုးသွင်းယူ နိုင်ခဲ့တဲ့အပြင် အသင်းဖော် မာတင်နယ်လီ အတွက် ဂိုးဖန်တီးမှု ပြုလုပ် ပေးနိုင်ခဲ့တာ တွေ့ရပါတယ်။

ဒါ့ကြောင့် ဂါဘရီရယ် အဘွန်လဟောက အာဆင်နယ် အသင်းခေါင်းဆောင် မာတင် အိုဒီဂတ်ရဲ့ ခြေစွမ်းကို ချီးကျူးလိုက်ပြီး၊ ဒီကွင်းလယ်လူဟာ လက်ရှိမှာ မန်စီးတီး အသင်းရဲ့ ကွင်းလယ် ကြယ်ပွင့် ကီဗင် ဒီဘရိုင်းထက် ပိုကောင်းတယ်လို့ သူက အခုလို ပြောလိုက်ပါတယ်။

“ဘရိုက်တန် အသင်းကို အဝေးကွင်းမှာ အနိုင်ရခဲ့တာက အာဆင်နယ် အတွက် ချန်ပီယံဆုနဲ့ ထိုက်တန်ကြောင်း ဝံ့ကြွားနိုင်ခဲ့တဲ့ ပွဲတပွဲလို့ ဆိုရမှာပါ။ အာဆင်နယ် အသင်းက ရရှိသွားခဲ့တဲ့ စတုတ္ထမြောက်ဂိုးဟာ အိုဒီဂတ်ရဲ့ ကောင်းမွန်တဲ့ ဖန်တီး ပေးပို့မှုကြောင့် ရလာခဲ့တာပါ။”

“အဲလို ဖန်တီး ပေးပို့မှုမျိုး လုပ်ခဲ့တာက ဒီဘရိုင်းသာ ဖြစ်နေမယ်ဆိုရင် ချီးကျူးနေကြတာတွေ အတောမသတ်နိုင်အောင် ရှိနေပါလိမ့်မယ်။ လက်ရှိ ခြေစွမ်းပိုင်းအရ ကြည့်မယ်ဆိုရင် အိုဒီဂတ်က ဒီဘရိုင်းထက် ပိုကောင်းနေပြီး၊ သူက တကယ်ကို ခြေစွမ်းထက်တဲ့ ကစားသမားပါ။”

မြောက်လန်ဒန် ထိပ်သီးကလပ်ဟာ ဘရိုက်တန် အသင်းကို ဂိုးပြတ် အနိုင်ရခဲ့ပြီးနောက် ပရီးမီးယားလိဂ် အမှတ်ပေးဇယား ဒုတိယ နေရာက မန်စီးတီး အသင်းကို ၇မှတ်အထိဖြတ်ကာ ဦးဆောင် ထားနိုင်ခဲ့ပြီး၊ ချန်ပီယံ ဆုအတွက် နောက်ထပ် ခြေတလှမ်း လှမ်းနိုင်ခဲ့ပါတယ်။

ပပ်ဂွာဒီယိုလာရဲ့ မန်စီးတီး အသင်းကတော့ စနေနေ့ည အစောပိုင်းက အဲဗာတန် အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ ၁ဂိုးစီ သရေရလဒ်သာ ကစားနိုင်ခဲ့တာကြောင့်၊ သူတို့ရဲ့ အမှတ် ဆုံးရှုံးမှုက ချန်ပီယံဆု ရယူနိုင်ဖို့ မျှော်မှန်းနေတဲ့ ဂန်းနားတို့ အတွက် အားသာချက် ဖြစ်စေခဲ့တယ်လို့ ဆိုရမှာပါ။

အိုဒီဂတ်ဟာ ယခုနှစ် ဘောလုံးရာသီမှာ အာဆင်နယ် အသင်းအတွက် အသက်တမျှ အရေးပါတဲ့ ကစားသမားတဦး ဖြစ်ပြီး၊ ဒီကွင်းလယ်လူဟာ ဂန်းနားတို့ အတွက် ပြိုင်ပွဲစုံ ၂၁ပွဲကစား ပေးထားရာမှာ ၇ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၅ကြိမ်ပြုလုပ် ပေးနိုင်ခဲ့ပါတယ်။

အာဆင်နယ် အသင်းနည်းပြ မိုက်ကယ် အာတီတာဟာ အလက်ဇန္ဒား လာကာဇက် ထွက်ခွာသွားပြီးနောက် အိုဒီဂတ်ကို ယုံကြည်စွာနဲ့ အသင်းခေါင်းဆောင် ခန့်အပ်ခဲ့ပြီး၊ အသက် ၂၄နှစ်အရွယ် ကွင်းလယ်လူဟာ နည်းပြရဲ့ ယုံကြည်မှုနဲ့ ထိုက်တန်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။

တဖက်မှာတော့ မန်စီးတီး အသင်းဟာ မိုက်ကယ် အာတီတာရဲ့ အသင်းကို အမီလိုက်ဖို့အတွက် ယခုထက် အလုပ်ကြိုးစားဖို့ လိုအပ်နေပြီး၊ ပပ်ဂွာဒီယိုလာရဲ့ အသင်းဟာ ဂန်းနားတို့ရဲ့အောက် ၇မှတ်အကွာနဲ့ အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

ဒါပေမယ့် ကီဗင် ဒီဘရိုင်းကတော့ ထုံးစံအတိုင်း မန်စီးတီး အသင်းအတွက် တောက်ပတဲ့ ခြေစွမ်းတွေ ပြသထားနိုင်တာ တွေ့ရပြီး၊ ဘယ်လ်ဂျီယံ လက်ရွေးစင် ကွင်းလယ်လူဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ ၂၂ပွဲကစားကာ သွင်းဂိုး၃ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၅ကြိမ်အထိ ပြုလုပ် ပေးထားနိုင်ခဲ့ပါတယ်။