ညက ပွဲစဉ်မှာတော့ လီဗာပူးလ်တို့ဟာ ဘရက်ဖို့ဒ်တို့ကို အဝေးကွင်းမှာ (၃-၁)ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့် သွားခဲ့ပြီး ဒီရာသီ လီဗာပူးလ်ရဲ့ အခြေအနေက တော်တော်လေး စိုးရိမ်စရာ ကောင်းလာခဲ့ပြီ ဖြစ်တယ်လို့ ဆိုရတော့မှာပါ။

မာနေးထွက်ခွာသွားမှုနဲ့ အတူ လီဗာပူးလ်ရဲ့ ဒီရာသီ အခြေအနေတွေက တော်တော်လေးကို ယိုင်နဲ့နေတာ ဖြစ်ပြီးတော့ ရည်မှန်းချက် ပျောက်ဆုံးနေတဲ့ အသင်းတစ်သင်းရဲ့ ပုံစံမျိုးတွေ ပြသလျက် ရှိနေတာပဲ ဖြစ်ပါတယ်။

အသစ်ခေါ်ယူထားတဲ့ တိုက်စစ်မှူး ဒါဝင်နူနက်ကလည်း တစ်ပွဲထက် တစ်ပွဲ တလွဲတွေကိုသာ ပိုမိုလုပ်လာခဲ့ပြီးတော့ ယူရိုသန်း (၁၀၀)ဆိုတဲ့ ဖိအားတွေအောက်မှာ ဆောက်တည်ရာမရ ဖြစ်နေဆဲပဲ ဖြစ်ပါတယ်။

ညက ပွဲစဉ်မှာလည်း တိုက်စစ်ပိုင်းမှာ နူနက်ရဲ့ အခြေအနေတွေက ရပ်ကွက်ပွဲက အရန်ကစားသမားတစ်ယောက်လို အဆင့်မရှိတဲ့ ခြေစွမ်းမျိုးတွေ ပြသသွားခဲ့ပြီး ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို ခံနေခဲ့ရတာလည်းပဲ ဖြစ်ပါတယ်။

ပေါင်(၈၅)သန်းနဲ့ အတူ မာနေးထွက်ခွာမှုမှာ နူနက်အပေါ်ကို ပရိသတ်တွေက မျှော်လင့်ချက်တွေ အကြီးကြီး ထားခဲ့ကြတာ ဖြစ်ပေမဲ့လည်း မှန်းချက်နဲ့ နှမ်းထွက်နဲ့ မကိုက်ခဲ့ပဲ ဥရုဂွေးသားဟာ တိုက်စစ်ပိုင်းမှာ ရုန်းကန်နေခဲ့ရတာပဲ ဖြစ်ပါတယ်။

လီဗာပူးလ်အတွက် ပြိုင်ပွဲစုံ (၂၁) ပွဲအထိ ကစားထားခဲ့ပေမဲ့ သွင်းဂိုး (၉)ဂိုးသာ လက်ရှိမှာ သွင်းယူပေးထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခွင့်အရေးတွေကို အလွန်ဖြုန်းတီးတဲ့ တိုက်စစ်မှူး တစ်ဦးဖြစ်ပြီး ဒီလို အခြေအနေတွေကြောင့်ပဲ လီဗာပူးလ်တို့က နစ်နာနေခဲ့ရတာ ဖြစ်ပါတယ်။

ဘရက်ဖို့ဒ်နဲ့ ပွဲစဉ်မှာဆိုရင်လည်းပဲ (၂၃)နှစ်သားဟာ များပြားလှတဲ့ အခွင့်အရေး ဖြုန်းတီးမှုတွေ ပြုလုပ်နေခဲ့တာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

ဂိုးသွင်းဖို့ လုံလောက်တဲ့ အခွင့်အရေးတွေ ရရှိခဲ့ပေမဲ့လည်း ဘရက်ဖို့ဒ်ဂိုးသမားက ကာကွယ်မှုတွေ ပြုလုပ်နိုင်ခဲ့ပြီး၊ နူနက်ရဲ့ ညံ့ဖျင်းတဲ့ အဆုံးသတ် ဆုံးဖြတ်ချက်တွေက ဂိုးရဖို့အတွက် လမ်းစပျောက်ခဲ့ရတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာလည်း တွစ်တာမှာ ပရိသတ်တွေရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေ၊ လှောင်ပြောင်မှုတွေနဲ့ ရင်ဆိုင်ရလျက် ရှိနေပြီးတော့ နူနက်တစ်ယောက် ကောင်းကောင်း ရင်မဆိုင်နိုင်ဘူးဆိုရင် အန်ဖီးကစားသမားဘဝဟာ သိပ်ပြီးတော့တောင် ကြာရှည်ခံဖို့ လမ်းစမရှိ ဖြစ်နေတာပါ။

ဘရက်ဖို့ဒ်နဲ့ ပွဲကစားချိန် အတွင်း စကိုင်းစပေါ့ ဘောလုံးသတင်း အစီအစဉ်တင်ဆက်သူတွေ ဖြစ်ကြတဲ့ ဂျင်မီကာရေဂါနဲ့ ဂယ်ရီနဗီးလ်တို့ကတော့ နူနက်ဟာ ထိပ်တန်း တိုက်စစ်မှူးတစ်ယောက် ဖြစ်လာဖို့ အရည်အချင်းကောင်းတွေ ရှိထားတယ်လို့ ဆိုသွားခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း နူနက်တစ်ယောက် ဘောလုံး အထိန်းအသိမ်း စွမ်းရည်တွေနဲ့ အဆုံးသတ် စွမ်းရည်တွေ တိုးတက်လာစေဖို့ အတွက် သေသေချာချာ လေ့ကျင့်ဖို့ လိုအပ်နေပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။

လက်ရှိမှာ အသင်းထံကို တိုက်စစ်ကစားသမား သစ်တစ်ဦးဖြစ်တဲ့ ဂတ်ပိုလည်း ရောက်ရှိလာခဲ့ပြီ ဖြစ်တာကြောင့် ပုံမှန်ပွဲထွက်ခွင့် အတွက် နူနက်တစ်ယောက် အရင်ကထက် ပိုမို ရုန်းကန်သွားရတော့မှာပဲ ဖြစ်ပါတယ်။