အာဆင်နယ်ပစ်မှတ် မိုင်ခေလိုမူဒရစ်ကတော့ ဇန်နဝါရီမှာ အာဆင်နယ်ကို ပြောင်းရွှေ့နိုင်ကြောင်း ဒူဘိုင်းက ပရိသတ်တွေကို ပြောသွားတယ်လို့ သိရပါတယ်။

ဂန်းနားတွေဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်အကတည်းက ကစားသမားအတွက် ကမ်းလှမ်းမှု ၂ ကြိမ်ပြုလုပ်ထားပြီး ပထမအကြိမ် ယူရို ၆၅ သန်းနဲ့ ကမ်းလှမ်းမှုကိုတော့ မူဒရစ်ရဲ့ကလပ် ရှက်တာဒိုးနက်က ပယ်ချခဲ့ပါတယ်။

စီအီးအို ဆာဟီပယ်လ်ဗင်ကိုယ်တိုင်က အာဆင်နယ်တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေပြုလုပ်ဖို့ ပြင်ဆင်ထားကြောင်း ဒီဇင်ဘာလကတည်းက ထုတ်ဖော်ပြောကြားခဲ့ပြီး ဒုတိယအကြိမ် ကမ်းလှမ်းမှုကိုတော့ တနင်္လာနေ့တုန်းက ပြုလုပ်ခဲ့ပါတယ်။

မူဒရစ်ကိုယ်တိုင်ကလည်း အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိကြောင်းကို ဘောက်ဆင်ဒေးနေ့တုန်းက ဝက်စ်ဟမ်းကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ အာဆင်နယ်ပွဲကို ကြည့်ခဲ့ကြောင်း အင်စတာဂရမ်စတိုရီ တင်ပြီးပြသခဲ့ပါတယ်။

အာဆင်နယ်နည်းပ မီခေးလ်အာတီတာကလည်း ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းကသေချာပေါက် လှုပ်ရှားမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

လက်ရှိအာဆင်နယ်ဟာ မနေ့ညက နယူးကာဆယ်ကို ဝ-၀ သရေသာ ကစားနိုင်ခဲ့လို့ တစ်ပွဲလျော့ကစားထားတဲ့ မန်စီးတီးနဲ့ ၈ မှတ်အကွာကို ရောက်သွားခဲ့ပါတယ်။ အာဆင်နယ်အနေနဲ့ ၂၁ နှစ်အရွယ် တောင်ပံကစားသမားကို အမြန်ဆုံးခေါ်ယူဖို့ ကြိုးစားလာနိုင်ပြီး ကစားသမားဘက်ကိုလည်း ရှင်းရှင်းလင်းလင်း လုပ်ဖို့ကြိုးစားလျက်ရှိပါတယ်။

လက်ရှိမူဒရစ်ကတော့ ဒူဘိုင်းကို အနားယူဖို့ ရောက်ရှိနေပြီး ဇန်နဝါရီမှာ အာဆင်နယ်ကို ရောက်ရှိနိုင်ကြောင်း ပရိသတ်တွေကို ပြောသွားတယ်လို့ သိရပါတယ်။ ယူကရိန်းလိဂ်ဟာ ဆောင်းရာသီနားချိန်သတ်မှတ်ထားပြီး ရှက်တာရဲ့ နောက်ဆုံးကစားခဲ့တဲ့ပွဲကလည်း နိုဝင်ဘာ ၂၃ တုန်းက ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ ပွဲတွေပြန်စမှာဖြစ်ပြီး ပထမဆုံးပွဲကတော့ ရန်းနက်စ်နဲ့ ကစားရမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ဖြစ်ပါတယ်။

အာဆင်နယ် ပရိသတ်တွေကတော့ မူဒရစ်ကိုရမယ်လို့ ယုံကြည်နေကြပေမယ့် အာဆင်နယ်အနေနဲ့တော့ ရှက်တာက သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းဖို့လိုအပ်နေပါတယ်။ ရှက်တာအားကစားဒါရိုက်တာ ကာလိုနီကိုလီနီကလည်း မူဒရစ်ကို ရောင်းချဖို့ဆိုရင် ပေါင်သန်း ၁၀၀ ဝန်းကျင်လောက်ရမှဖြစ်နိုင်ကြောင်း ပြောခဲ့တာကြောင့် အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုဟာ သတ်မှတ်ဈေးနှုန်းနဲ့တော့ ဝေးကွာနေဆဲ ဖြစ်ပါတယ်။

ပရိသတ်တွေကတော့ ဒုတိယကမ်းလှမ်းမှုမှာ တိုးတက်လာမယ်လို့ ယုံကြည်နေပြီး ပရီးမီးယားလိဂ် ဒုတိယရာသီဝက်ကို ကစားသမားအင်အား အတောင့်အတင်းနဲ့ ကစားဖို့ကို နည်းပြအာတီတာ စီစဉ်နေပါတယ်။