နယူးကာဆယ်ဟာ ထုံးစံအတိုင်း အာဆင်နယ်ကို အခက်တွေ့စေခဲ့ပါတယ်။ မာကျောတယ်။ ခပ်ကြမ်းကြမ်း ကစားတယ်။ ညစ်ကျယ်ကျယ် နိုင်တယ်။ အမ်းမရိတ်မြေမှာ သရေတမှတ် ရယူနိုင်ဖို့အတွက် သူတို့ လုပ်နိုင်သမျှ အရာအားလုံးကို လုပ်သွားခဲ့တာဖြစ်ပြီး ဒီနေ့မှာလည်း ဂန်းနားတို့ဟာ သူတို့ကို ကျော်ဖြတ်နိုင်ဖို့ ပွဲဆုံးတဲ့အထိ အဖြေရှာမတွေ့ခဲ့ပါဘူး။

နည်းစနစ်ပိုင်းအရလည်း နည်းပြ အာတေတာရဲ့ အသင်းကို နေရာလွတ်တွေ လုံးဝရှားပါးသွားအောင် ဖြတ်တောက်ထားပစ်နိုင်တာကြောင့် အက်ဒီဟောင်းရဲ့ အစီအမံတွေကို အသိအမှတ်ပြုရမယ့်ပွဲလည်း ဖြစ်ပါတယ်။ မာတင်နယ်လီ၊ ဆာကာတို့ တောင်ပံနှစ်ဖက်၊ ပါတေး၊ ချာကာ၊ အော်ဒီဂွါဒ်တို့ရဲ့ အချိတ်အဆက်တွေ အားလုံးကို စနစ်တကျ အဆက်အသွယ်မဲ့သွားစေခဲ့တာ ဖြစ်ပါတယ်။

ဂီမာရေးစ်၊ လောင်းစတက်ဖ်နဲ့ ဝေးလ်လော့ခ်တို့ ကွင်းလယ်က လုပ်အားနှုန်း ကောင်းပြီး ဘောလုံးလက်မဲ့အနေအထားတွေမှာလည်း စည်းစနစ်ကျလွန်းတယ်။ အာဆင်နယ်အသင်း ဘောလုံးကိုင်ထားချိန်တိုင်းမှာ ဂျိုလင်တန်နဲ့ အယ်လ်မီရွန်တို့ကလည်း နောက်ကို ဆင်းကူပြီး နေရာလွတ်တွေကို ပိတ်ဆို့ကစားတဲ့အခါ လုပ်ရကိုင်ရ ကြပ်ခဲ့တာ အမှန်ပါပဲ။

တပွဲလုံးမှာ သိပ်ထိရောက်မှုမရှိတဲ့ ကန်သွင်းချက်တွေသာ ပြုလုပ်ခဲ့ရပြီး အပိုင်အခွင့်အရေးဆိုတာ မယ်မယ်ရရ မရခဲ့တဲ့အထိ နယူးကာဆယ်က မာကျောခဲ့တာ ဖြစ်ပါတယ်။ စနစ်တကျ တားနိုင်ရင်တား၊ မတားနိုင်ရင်တော့ ပြစ်ဒဏ်ဘောတွေ အလွယ်တကူ ပြုလုပ်လိုက်မယ်ဆိုတာမျိုးကို ပွဲအစနေ အဆုံးအထိ ကစားသွားခဲ့ပြီး ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေကလည်း နယူးကာဆဘ်အသင်း စိတ်ကြိုက်ကစားခွင့်ရအောင် အခြေအနေပေးခဲ့တယ်။

ဒီလိုပွဲမျိုးမှာတော့ အရန်အင်အားကြောင့်လည်း နည်းပြ အာတေတာအတွက် အပြောင်းအလဲ ထိထိရောက်ရောက် မလုပ်နိုင်စေခဲ့တာကို ထင်သာမြင်သာ ရှိခဲ့ပြီး ဆာကာ၊ မာတင်နယ်လီတို့လို တိုက်စစ်ကစားသမားတွေ ခြေကုန်လက်ပန်းကျနေချိန်မှာ အရန်ခုံမှာတော့ သူတို့နေရာကို တင်းပြည့်ကြပ်ပြည့် အစားထိုးနိုင်တဲ့ လတ်ဆတ်တဲ့ ခြေထောက်တွေ ရှားပါးခဲ့ပြီး တိုက်စစ်မြှင့်နေချိန်မှာ တိုမီယဆုကို နောက်ခံလူမျိုး ထည့်လိုက်ရတဲ့အထိ အင်အားနည်းခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် နိုင်ပွဲတွေ အမြဲတမ်း ရဖို့ မလွယ်တဲ့ ပရီးမီးယားလိဂ်မှာ ဒီလိုသရေပွဲမျိုးကလည်း အဖိုးတန်ပြီး အားကစားဒါရိုက်တာ အက်ဒူးအနေနဲ့တော့ အင်အားဖြည့်တင်းမှုတွေ အမြန်ဆုံး ပြုသွားဖို့ လိုအပ်နေတယ်ဆိုတာလည်း သိရှိသွားနိုင်တာက အမြတ်ပါ။ သရေတမှတ်ကြောင့် အပြည့်အဝ မပျော်ခဲ့ရပေမယ့်လည်း နောက်ပွဲတွေမှာ လိုအပ်တဲ့ ပြင်ဆင်မှုတွေကို ပြုလုပ်လိမ့်မယ် မျှော်လင့်ရင်း ရှေ့ဆက်ကြတာပေါ့။