ညက ကစားသွားခဲ့ကြတဲ့ မန်ယူနိုက်တက်နဲ့ ဘုန်းမောက်တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ အိမ်ရှင် မန်ယူနိုက်တက်တို့က ကပ်စ်မဲရိုး၊ လုခ်ရှော၊ ရက်ဖို့ဒ်တို့ရဲ့ သွင်းဂိုးတွေနဲ့ (၃-ဝ)ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

အဆိုပါ နိုင်ပွဲကြောင့် မန်ယူနိုက်တက်တို့ဟာ အမှတ်ပေးဇယား အဆင့်(၄)နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး အဆင့် (၅)နေရာက စပါးအသင်းကို ရမှတ် (၅)မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပြီလည်းပဲ ဖြစ်ပါတယ်။

ဒါ့အပြင် အဆင့် (၃)နေရာက နယူးကာဆယ်ကို တစ်ပွဲလျှော့ အနေအထားမှာ ရမှတ်တူ ဂိုးကွာခြားချက်နဲ့ ဖိအားပေး ထားနိုင်ခဲ့ပြီလည်းပဲ ဖြစ်ပါတယ်။ တန်ဟတ်လက်ထက် ပုံစံကောင်းတွေ ပြန်လည် ရရှိလာနေတဲ့ မန်ယူနိုက်တက်တို့အတွက်တော့ ဒီနိုင်ပွဲဟာ ချိုမြိန်စရာ ဖြစ်ခဲ့ရပြန်တာပါ။

တန်ဟတ်ဟာ ဘုန်းမောက်ကို ရင်ဆိုင်ဖို့ အတွက် အသင်းရဲ့ ပွဲထွက်လူစာရင်းကို အပြောင်းအလဲ များစွာ ပြုလုပ်ခဲ့ပြီး ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။ ဂိုးသမားနေရာမှာ ဒီဂီယာ၊ နောက်တန်းမှာ ဘစ်ဆာခါ၊ လင်ဒီလော့၊ မတ်ဂွဲယားနဲ့ လုခ်ရှောတို့ ပွဲထွက်လာခဲ့ကြပါတယ်။

ကွင်းလယ်မှာ ကပ်စ်မဲရိုး၊ အဲရစ်ဆန်၊ ဗန်ဒီဘီခ့်တို့ ပွဲထွက်လာခဲ့ပြီး တိုက်စစ်ပိုင်းမှာ ရက်ဖို့ဒ်၊ မာရှယ်နဲ့ ဖာနန်ဒက်စ်တို့ ပွဲထွက်လာခဲ့ပါတယ်။ ဘုန်းမောက်တို့ကလည်း အဓိက ကစားသမား အစုံအလင်နဲ့ မန်ယူနိုက်တက်ကို အိုးထရက်ဖို့မှာ အန်တုဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

မန်ယူနိုက်တက်တို့ကတော့ တန်ဟတ်လက်ထက် ပုံစံကောင်းတွေ ရရှိနေတာနဲ့ အတူ ဘုန်းမောက်ကို သာသာယာယာပဲ ဖိကစားခဲ့ပြီးတော့ ပွဲကစားချိန် (၂၃)မိနစ်မှာ အဲရစ်ဆန်မတင်ပေးလိုက်တဲ့ ဘောလုံးကို ကပ်စ်မဲရိုးကို လှလှပပ ပိတ်သွင်းယူသွားခဲ့ပါတယ်။

ပထမပိုင်းမှာ ဘုန်းမောက်တို့ဟာ မန်ယူနိုက်တက်ရဲ့ တိုက်စစ်ဆင်မှုတွေ အောက်မှာပဲ အချိန်ကုန်နေခဲ့ရတာ ဖြစ်ပြီး မန်ယူနိုက်တက်တို့ အနေနဲ့ လိုအပ်တဲ့ ဂိုးတွေ ရရှိဖို့ တောက်လျှောက်ဆိုသလို တိုက်စစ်ဆင်နေခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်းပြန်စချိန်မှာတော့ မန်ယူနိုက်တက်တို့က ပွဲကစားချိန် (၄၉) မိနစ်မှာ ဂနာချိုရဲ့ ဖန်တီးပေးမှုကနေတဆင့် ဒုတိယမြောက် ဦးဆောင်ဂိုးကို ထပ်မံ သွင်းယူပေးသွားခဲ့ပါတယ်။ ပေးဂိုး (၂)ဂိုး ပေးလိုက်ရပြီးတဲ့နောက် ဘုန်းမောက်တို့ကလည်း တိုက်စစ်ဖွင့် ကစားလာခဲ့ပါတယ်။

ဒီလို အခြေအနေတွေကြောင့်ပဲ ဘုန်းမောက်တို့ ဂိုးကန်သွင်းခွင့် အချို့ ရရှိခဲ့ပြီး ဒီဂီယာအနေနဲ့ အကောင်းဆုံး ကာကွယ်မှုတွေ ပြုလုပ်သွားနိုင်ခဲ့တာကြောင့် မန်ယူနိုက်တက်တိုက့် သက်သာရာ ရှိခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ပွဲကစားချိန် (၈၆)မိနစ်မှာတော့ မန်ယူနိုက်တက်တို့ အနိုင်သေချာစေမယ့် တတိယမြောက် သွင်းဂိုးကို ရရှိခဲ့ပြီး ဒီဂိုးကိုတော့ ဖာနန်ဒက်စ်ရဲ့ ဖန်တီးပေးမှုကနေတဆင့် ရက်ဖို့ဒ်က အသာအယာ ပိတ်သင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

ရက်ဖို့ဒ်အတွက်တော့ ပြိုင်ပွဲစုံနောက်ဆုံး (၄)ပွဲဆက်တိုက် ဂိုးတွေ သွင်းယူနိုင်ခဲ့တာ ဖြစ်ပြီးတော့ ဒါဟာ မန်ယူနိုက်တက် ကစားသမားဘ၀ ပထမဆုံး အကြိမ်အဖြစ် (၄) ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့ခြင်းလည်း ဖြစ်ခဲ့ပါတယ်။

မန်ယူနိုက်တက်တို့အတွက်တော့ အသင်းရဲ့ လူစာရင်းပိုင်းကို အပြောင်းအလဲ အများကြီး ပြုလုပ်ခဲ့တာတောင် ကောင်းမွန်တဲ့ ခြေစွမ်းနဲ့ လိုအပ်တဲ့ နိုင်ပွဲတစ်ပွဲကို ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ထိုက်တန်တဲ့ ခြေစွမ်းကို ပြသလျက် ရှိနေပြီပဲ ဖြစ်ပါတယ်။