အေဂျက်စ်အသင်းနဲ့ စာချုပ်ဖျက်သိမ်းထွက်ခွာလာတဲ့ ဒါလေဘလိုင်းကို ဘွန်ဒက်စ်လီဂါထိပ်သီး ဘိုင်ယန်မြူးနစ်က အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။

နယ်သာလန်လက်ရွေးစင်နောက်ခံလူနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးရဲ့အဆိုအရ ဘိုင်ယန်မြူးနစ်က ဘလိုင်းကိုခေါ်ယူဖို့ လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ နယ်သာလန်အခြေစိုက် Telegraaf သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် မန်ချက်စတာယူနိုက်တက်နောက်ခံလူဟောင်းက ဂျာမနီမြေဆီ ထွက်ခွာလာပြီး ဆေးစစ်မှုတွေ ခံယူကာ ၆ လသက်တမ်းရှိ စာချုပ်ချုပ်ဆိုသွားဖို့ ရှိတယ်လို့ သိရပါတယ်။

ဘလိုင်းအတွက် အခုအပြောင်းအရွှေ့က အဓိပ်ပါယျအပွည့ျရှိတယျဆိုတာ သိသာပါတယ်။ သူက ကစားသမားဘ၀ နောက်ဆုံးကလပ်အဖြစ် ဘွန်ဒက်စ်လီဂါ၊ ပိုကယ်လ်ဖလားနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်နေတဲ့ အသင်းဆီ ပြောင်းရွှေ့ခွင့်ရရှိမှာပါ။ အလားတူ ဘိုင်ယန်မြူးနစ်ကလည်း အသင်းရဲ့ ခံစစ်ပိုင်းအတွက် အားဖြည့်တင်းမှုသစ်တွေ ရရှိနိုင်ပါမယ်။

အသင်းရဲ့နောက်ခံလူ လူးကပ်စ်ဟာနန်ဒက်ဇ် ရာသီကုန်အထိ ဒဏ်ရာရရှိခဲ့ပြီးနောက် အသင်းရဲ့ဗဟိုခံစစ်ပိုင်းအတွက် အူပါမီကာနို၊ ဒီလစ်နဲ့ ပါဗက်တို့ပဲ ရှိပါတော့တယ်။ ပါဗက်က ညာအစွန်နောက်ခံလူနေရာလည်း ကစားရလေ့ရှိပါတယ်။

ဘလိုင်းရဲ့ ကစားသမားဘ၀ အတွေ့အကြုံတွေက နာဂျယ်စ်မန်းရဲ့အသင်းအတွက် အကူအညီတွေ ပေးနိုင်ဖို့ရှိသလို ရာသီဝက်နောက်ပိုင်း၊ ပွဲကျပ်ကာလတွေမှာ အရေးပါမှုတွေ ပေးစွမ်းနိုင်ပါလိမ့်မယ်။ ဒါ့အပြင် အူပါမီကာနို၊ ဒီလစ်တို့လို လူငယ်ကစားသမားတွေအတွက် အရေးပါတဲ့အကြံဉာဏ်တွေကိုလည်း ပေးစွမ်းနိုင်မှာပါ။

ဒီအပြောင်းအရွှေ့နဲ့ပတ်သက်လို့ ဘိုင်ယန်မြူးနစ်ဘက်မှ တရားဝင်သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။