အာဂျင်တီးနားစတား ကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်ရဲ့ အပြောင်းအရွှေ့အတွက် ချဲလ်ဆီးနဲ့ ဘင်ဖီကာတို့ အကြား ညှိနှိုင်းဆွေးနွေးမှုတွေ အဆုံးသတ်သွားပြီလို့ နောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းတွေအရ သိရပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားအတွက် ပြိုင်ပွဲခရီးစဉ်တလျှောက် အကောင်းဆုံးခြေစွမ်းပြခဲ့တဲ့ အန်ဇိုဖာနန်ဒက်ဇ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံး လူငယ်ကစားသမားဆု ဆွတ်ခူးနိုင်ပြီးနောက် လတ်တလောကာလတွေအတွင်း ဥရောပထိပ်သီးကလပ်တွေဆီ ပြောင်းရွှေ့နိုင်ဖို့ သတင်းကြီးနေသူ ဖြစ်ပါတယ်။

အင်္ဂလန်ထိပ်သီးကလပ်တွေရဲ့ စိတ်ဝင်စားမှုတွေ ရရှိနေတယ်ဆိုတဲ့ သတင်းတွေနဲ့အတူ အန်ဇိုဖာနန်ဒက်ဇ်ကို ပရီမီးယားလိဂ်ရပ်ဝန်းမှာတွေ့ရှိရဖို့ မျှော်လင့်မှုတွေ ရှိလာခဲ့ပါတယ်။ ဒီလိုအခြေအနေနဲ့အတူ အန်ဇိုဖာနန်ဒက်ဇ်ကို ခေါ်ယူနိုင်ရေးပြိုင်ပွဲမှာ ချဲလ်ဆီးက ရေပန်းအစားဆုံး ဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့် တောင်အမေရိကအခြေစိုက် သတင်းထောက် CLMerlo ရဲ့ အဆိုအရ ချဲလ်ဆီးနဲ့ အန်ဇိုဖာနန်ဒက်ဇ်ရဲ့ လက်ရှိကလပ် ဘင်ဖီကာတို့အကြား အပြောင်းအရွှေ့အတွက် ညှိနှိုင်းမှုတွေ အဆုံးသတ်သွားပြီလို့ သိရပါတယ်။

“ အန်ဇိုဖာနန်ဒက်ဇ်ရဲ့ ချဲလ်ဆီးဆီပြောင်းရွှေ့နိုင်ရေး နှစ်ဖက်ဆွေးနွေးမှုတွေဟာ ပျက်သွားခဲ့ပါပြီ။ ရက်တော်တော်ကြာကြာ ဆွေးနွေးမှုတွေပြုလုပ်ပြီးနောက် ဘင်ဖီကာက ကစားသမားကို ဆက်ထိန်းထားဖို့ ဆုံးဖြတ်လိုက်ပါတယ်”လို့ CLMerlo က Twitter လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

ပေါ်တူဂီကလပ်အသင်းက အန်ဇိုဖာနန်ဒက်ဇ်အတွက် စာချုပ်ဖျက်သိမ်းကြေး ပေါင် ၁၀၆ သန်းပေးချေဖို့ လိုလားခဲ့တာပါ။ ချဲလ်ဆီးဘက်ကလည်း FFP စည်းမျဉ်းတွေနဲ့ မညှိစွန်းအောင် ပြောင်းရွှေ့ကြေးကို သုံးကြိမ်အရစ်ကျပေးချေဖို့ အဆိုပြုခဲ့တယ်လို့ သိရပါတယ်။