အေအိုင်နက်ဆာ အသင်းရဲ့ တိုက်စစ်ကစားသမား သစ်ဖြစ်တဲ့ စီရော်နယ်ဒိုအနေနဲ့ မန်ယူနိုက်တက်နဲ့ လမ်းခွဲအပြီး ကြီးမားတဲ့ အပြောင်းအရွှေ့ တစ်ခု ပြီးတဲ့နောက်မှာတော့ အေအိုင်နက်ဆာ အတွက် ပွဲထွက်ကစားနိုင်ဦးမှာ မဟုတ်ဘူးလို့ သိရပါတယ်။

အသက်(၃၇)နှစ်အရွယ် ရှိနေပြီ ဖြစ်တဲ့ စီရော်နယ်ဒိုဟာ ဆော်ဒီကလပ်အေအိုင်နက်ဆာ အသင်းဆီ (၂)နှစ် စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီးတော့ တစ်နှစ်လုပ်ခ ပေါင် (၁၇၅)သန်း အထိ ရရှိသွားမှာလည်းပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က ဆော်ဒီနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီးတော့ ဆေးစစ်မှုတွေ ပြုလုပ်သွားခဲ့တာပဲ ဖြစ်ပြီးအင်္ဂါနေ့က အပြောင်းအရွှေ့ အပြီးသတ်ကြောင်း ကြေညာကာ အသင်းပရသတ်တွေနဲ့ မိတ်ဆက်ပွဲတစ်ခု ပြုလုပ်ပေးသွားခဲ့တာပဲ ဖြစ်ပါတယ်။

စီရော်နယ်ဒိုအနေနဲ့ အေအိုင်နက်ဆာအသင်းနဲ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း ဥရောပမှာ မတူညီတဲ့ အသင်းတွေရဲ့ ကမ်းလှမ်းမှုတွေကို ရရှိခဲ့ပေမဲ့လည်း အေအိုင်နက်ဆာကို သာ ရွေးချယ်ခဲ့တာ ဖြစ်ကြောင်း ပြောကြား သွားခဲ့ပါတယ်။

အသင်းသစ်နဲ့ မိတ်ဆက် ပွဲအပြီးမှာတော့ နက်ဆာအသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်မှာ ပါဝင်ခဲ့သလို သူ့ရဲ့ အဆုံးသတ်စွမ်းရည်အချို့ကိုလည်း ပြသသွားခဲ့ပါသေးတယ်။

ဒါပေမဲ့ စီရော်နယ်ဒို အနေနဲ့ ဒီနေ့Al-Ta’ee ကစားရမယ့် နက်ဆာ အသင်းရဲ့ ပွဲစဉ်မှာတော့ ပါဝင်ခွင့်ရဦးမှာ မဟုတ်ပဲ လွဲချော်နေရဦးမှာ ဖြစ်ပါတယ်။

နက်ဆာ အသင်းနဲ့ Al-Ta’ee တို့ကစားမယ့် ပွဲစဉ်အတွက် လက်မှတ်တွေအားလုံးကိုတော့ ရောင်းချထားခဲ့ပြီး ဖြစ်ကာ ပရိသတ် (၂၈၀၀၀) ဝင်ဆံ့တဲ့ ကွင်းကြီးထဲမှာ ယှဉ်ပြိုင်ကစား သွားကြမှာလည်းပဲ ဖြစ်ပါတယ်။

စီရော်နယ်ဒို အနေနဲ့ မန်ယူနိုက်တက်မှာ ရှိခဲ့စဉ်က ဖြစ်ပျက်ခဲ့တဲ့ အရာတစ်ခုအတွက် အက်အေကနေပြီးတော့ ချမှတ်ထားခဲ့တဲ့ ပြစ်ဒဏ်ကြောင့် နက်ဆာ အတွက် ပွဲထွက်ကစားခွင့်ကို လွဲချော်နေရဦးမှာ ဖြစ်ပြီး ပြစ်ဒဏ်က လွတ်မြောက်မှသာ ပါဝင်ကစားခွင့်ရသွားမှာ ဖြစ်ပါတယ်။

စီရော်နယ်ဒိုဟာ မန်ယူနိုက်တက်မှာ ရှိခဲ့စဉ်က ဂူဆင်ပတ့်ခ်မှာ အဲဗာတန်နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ပရိသတ်ကလေးငယ်တစ်ဦးရဲ့ ဖုန်းကို လက်နဲ့ ပုတ်ချခဲ့တဲ့ ဖြစ်စဉ်အတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့အပြီးမှာ အက်အေက (၂)ပွဲပယ် ပြစ်ဒဏ်ချမှတ်ထားခဲ့တာပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် စီရော်နယ်ဒိုရဲ့ ပထမဆုံး ပွဲဦးထွက်ကို ကြည့်ရှု့ချင်လို့ လက်မှတ်အကုန်တွေ ဝယ်ယူအားပေးမှုတွေပြုလုပ်ထားခဲ့ကြတဲ့ ဆော်ဒီဘောလုံး ပရိသတ်တွေအတွက်တော့ စိတ်ပျက်စရာ ဖြစ်ခဲ့ရတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။