ဒေါသထွက်လျက် ရှိနေတဲ့ ဝုဖ်ဗာဟမ်တန် နည်းပြ လိုပီတီဂီက သူ့ရဲ့ အသင်းဟာ မနေ့ညက လီဗာပူးနဲ့ ပွဲစဉ်မှာ နာမည်‌ကျော် အက်ဖ်အေဖလား အောင်ပွဲကို ဓါးပြတိုက်ခံလိုက်ရတယ်လို့ ဆိုလိုက်ပြီး ပွဲချိန်နှောင်းပိုင်းမှာ သွင်းယူခဲ့တဲ့ ဝုဖ်ဗာဟမ်တန် နောက်ခံလူ တော့တီရဲ့ အနိုင်ဂိုးဟာ VAR ရဲ့ ပယ်ဖျက်မှုကို ခံခဲ့ရပြီး အဆိုပါ ဆုံးဖြတ်ချက်နဲ့ပက်သက်ပြီး လုံလောက်တဲ့ ဗီဒီယို သက်သေကို မချပြခဲ့တာကြောင့် အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့ပါတယ်။

လိုပီတီဂီက တော့တီဟာ ဝုဖ်အတွက် တတိယ‌မြောက်ဂိုးကို သွင်းယူကာ အန်ဖီးကွင်းမှာ အနိုင်ရလဒ်ကို ရယူပေးနိုင်တော့မယ်လို့ တွေးခဲ့ပေမယ့်လည်း စည်းကျပ်ဒိုင်က အလံထောင်ခဲ့တဲ့ အပြင် VAR ကလည်း ဗီဒီယို သက်သေကို မပြခဲ့ဘဲ အချိန်အကြာကြီး check လုပ်ခဲ့ပြီးနောက် အဆိုပါ သွင်းဂိုးကို ပယ်ဖျက်ခဲ့ပါတယ်။

ပွဲအပြီးမှာ လိုပီတီဂီနဲ့ အသင်းခေါင်းဆောင် ရူဗင်နီဗက်စ် တို့ဟာ ဒီကိစ္စနဲ့ ပက်သက်ပြီး ဒိုင်လူကြီး အန်ဒီမက်လေနဲ့ သွားရောက် စကားပြောခဲ့ပါတယ်။

ပွဲအပြီး အင်တာဗျုးမှာ ဒေါသထွက်နေတဲ့ လိုပီတီဂီက “ကျနော်တို့ ဒီအဖြစ်အပျက်ကို ကြည့်ခဲ့ပြီးပါပြီ။ ဒါဟာ လုံးဝ လူကျွံဘော မဟုတ်ပါဘူး။ I’m sorry ပါ။ ဒါဟာ တကယ့်ကို မယုံနိုင်စရာ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ တစ်စုံတစ်ဦးက ကွင်းလယ်ဒိုင်ကို လူကျွံဘောလို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ကျနော်တို့ ဒီအဖြစ်အပျက်ကို ပြန်ကြည့်ဖြစ်ခဲ့ပါတယ်။”

“ဒါဟာ လုံးဝ offside မဟုတ်ပါဘူး။ ဒီဆုံးဖြတ်ချက်ဟာ လုံးဝကို မှားယွင်းပါတယ်။ ကျနော်ဟာ နေ့တိုင်း အမှားတွေ လုပ်တက်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာ သူတို့လည်း အမှား လုပ်တက်တာပါပဲ။ ဒီနေ့ခေတ်မှာ ကျနော်တို့ဟာ VAR ရဲ့ အကူအညီကို ယူနေကြပေမယ့် ဒီကိစ္စကတော့ စိတ်ပျက်စရာ ပါပဲ။ ဘာလို့လဲဆိုတော့ ဒါဟာ လုံးဝကို လူကျွံဘော မဟုတ်လို့ပါပဲ။” လို့ပြောသွားပါတယ်။

အလီဆွန်ရဲ့ အမှားကနေ ဂီဒက် ဦးဆောင်ဂိုး ရခဲ့ပြီးနောက် နူးနက်က လှလှပပ ကန်သွင်းကာ ပြန်လည် ချေပခဲ့ပါတယ်။ အဲဒီနောက် ဂတ်ပိုရဲ့ ဖြတ်တင်ဘောကို တော့တီက ရှင်းထုတ်ပစ်ခဲ့ပေမယ့် ထိချက်လွဲသွားခဲ့ကာ ဂိုးရှေ့မှာ ရှိနေတဲ့ ဆာလားက ဘောလုံးကို ထိန်းက ကန်သွင်းယူခဲ့ပါတယ်။ ဒီဂိုးကလည်း အငြင်းပွားစရာ ဖြစ်ခဲ့ပြီး ဂတ်ပို ဖြတ်တင်ဘော ပေးပို့ချိန်မှာ ဆာလားဟာ လူကျွံ အနေအထားမှာ ရှိနေပါတယ်။

ဆက်လက်ပြီး လိုပီတီဂီက “တော့တီ ဘောလုံး မထိ‌သေးခင်မှာ ဆာလားဟာ လူကျွံနေခဲ့ပါတယ်။ ဒါ့ကြောင့် သူဟာ ဒီနေရာမှာ advantage ရခဲ့ပါတယ်။ တော့တီကလည်း လူကျွံနေတဲ့ ဆာလား ရှိနေတာကြောင့် ဒီဘောလုံးကို ရှင်းထုတ်ခဲ့ရပါတယ်။ ဒိုင်လူကြီးကလည်း ကျနော်တို့ စောဒကတက်တာကို ကြားခဲ့ပါတယ်။ ဒါဒါပေမယ့် ဒီကိစ္စက ဖြစ်သွားခဲ့ပြီးပါပြီ။ ကျနော်တို့ လက်ခံသွားရမှာပါ။ ဒါဟာ စိတ်ပျက်စရာ ဆုံးဖြတ်ချက်တွေ ပါပဲ။ ဘာလို့လဲဆိုတော့ ကျနော်တို့ဟာ အရမ်းကို ကောင်းတဲ့ လီဗာပူးကို အနိုင်ရဖို့အတွက် ထိုက်တန်မှု ရှိခဲ့လို့ပါပဲ။” လို့ဆိုလိုက်ပါတယ်။

ဟွမ်ဟီချန်ဟာ ဝုဖ်ဗာဟမ်တန် အတွက် ၂-၂ ဖြစ်အောင် လုပ်ပေးခဲ့ပြီး တော့တီရဲ့ နောက်ကျဂိုးက လူကျွံဘောအဖြစ် သတ်မှတ်ခဲ့ရတာကြောင့် ဒီရလဒ်နဲ့ပဲ ပွဲပြီးသွားခဲ့ပါတယ်။ နောက်ဆုံးသိရတဲ့ သတင်းများအရ မက်သီးယက်နူးနက်ဟာ ဘောလုံး ၎င်းဆီကို ပြန်လာချိန်မှာ offside ဖြစ်နေတာကြောင့် ဂိုးမပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ နူးနက်ဟာ ထောင့်ကန်ဘော ကန်ခဲ့ပြီး ဘောလုံးက ၎င်းဆီကို ပြန်လည် ရောက်ရှိချိန်မှာ လူကျွံနေခဲ့တာ ဖြစ်ကာ လူကျွံနေတဲ့ ကစားသမားဟာ ဂိုးသွင်းယူခဲ့တဲ့ တော့တီ မဟုတ်ဘဲ နူးနက်ပဲ ဖြစ်နေခဲ့ပါတယ်။

ဒါ့ကြောင့် လီဗာပူး နဲ့ ဝုဖ်ဗာဟမ်တန် တို့ဟာ နောက်တဆင့်ကို တက်ရောက်နိုင်ဖို့အတွက် အဆုံးအဖြတ် ပွဲစဉ်ကို Mollineuz ကွင်းမှာ ကစားသွားရအုံးမှာပါ။