ဝက်ဖို့ဒ်အသင်းရဲ့ ကစားသမားတစ်ဦးဖြစ်တဲ့ ထရွိုင် ဒီနေးဟာ ပြီးခဲ့တဲ့ နယူးကာဆယ်နဲ့ ပွဲစဉ်မှာ ကွင်းဘေးမှာ ပေါက်ကွဲခဲ့တဲ့ နည်းပြ အာတီတာရဲ့ အပြုအမူတွေနဲ့ ပတ်သက်ပြီးတော့ ကာကွယ်ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ (၃)ရက်နေ့က ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ အာဆင်နယ်တို့ရဲ့ ပွဲစဉ်မှာ ဂိုးမရှိသရေနဲ့ ပြီးဆုံး သွားခဲ့ရတာ ဖြစ်ပြီး အာဆင်နယ်တို့ အတွက် ဒုတိယနေရာက မန်စီးတီးကို အမှတ်ဖြတ်နိုင်ဖို့ အခွင့်အရေးကောင်းတစ်ခု လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။

ဒီပွဲစဉ်မှာ အာဆင်နယ်တို့ဟာ ပင်နယ်တီ ရရှိနိုင်ခြေရှိတဲ့ အခြေအနေ (၂)ကြိမ်လောက် အထိ ရှိခဲ့ပေမဲ့ ကွင်းလယ်ဒိုင်က ခွင့်ပြုပေးခဲ့ခြင်းမရှိခဲ့တာကြောင့် အာဆင်နယ်တို့ နစ်နာခဲ့ရပြီး အမှတ်ဆုံးရှုံး ခဲ့ရတာ ဖြစ်ပါတယ်။

အာတီတာ အနေနဲ့ အဆိုပါ အခြေအနေတွေ အပေါ်မှာ ဒေါသထွက် ပေါက်ကွဲ သွားခဲ့တာ ဖြစ်ပြီး ပွဲအပြီး အင်တာဗျူးမှာလည်း ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်တွေ အပေါ် ပြင်းပြင်းထန်ထန်ဝေဖန်မှုတွေ ပြုလုပ်သွားခဲ့တာ ဖြစ်ပါတယ်။

အက်ဖ်အေဘက်ကနေပြီးတော့လည်း အာတီတာရဲ့ အပြုအမူတွေ အပေါ်မှာ စွဲချက်တင်ပြီး ပြစ်ဒဏ်ချမှတ်ဖို့ ပြင်ဆင်လျက် ရှိနေတယ်လို့လည်း သတင်းတွေ အရ သိရပါတယ်။

ဒါပေမဲ့ ဝက်ဖို့ဒ်ကစားသမား ဒီနေးကနေတာ့ အာတီတာရဲ့ အပြုအမူတွေနဲ့ ပတ်သက်ပြီးတော့ အခုလိုပဲ ပြောကြား သွားခဲ့ပါတယ်။

ဒီနေးက ” အာတီတာဟာ ဒီရာသီ အာဆင်နယ်အသင်းရဲ့ ထရိန်နင် အစီအစဉ်တိုင်းမှာ တော်တော်လေးကို ပြင်းပြင်းထန်ထန်တွေ ပြုလုပ်နေစေခဲ့တယ်လို့ သူ့ရဲ့ ကစားသမားတွေဆီကနေပြီးတော့ ကျွန်တော် ပြန်ကြားခဲ့ရပါတယ်၊

ဒါဟာ ဒီရာသီ ကစားသမားတွေရဲ့ အကောင်းဆုံး ခြေစွမ်းတွေကို အာတီတာတစ်ယောက်ရရှိနေရတဲ့ အဓိက အကြောင်းအရင်းတွေထဲက တစ်ခု ဖြစ်မယ်လို့ ကျွန်တော်ကတော့ ထင်ပါတယ်၊

အကောင်းဆုံး နည်းပြအများစုကတော့ ဒီလိုမျိုး တူတူချည်းပါပဲ၊ ဆာအဲလက်ဖာဂူဆန်၊ ပတ်ဂွာဒီယိုလာနဲ့ အာဆင်ဝင်းဂါး ဒီနည်းပြတွေ အားလုံးက ပွဲထဲမှာ အကောင်းဆုံး လူကြီးလူကောင်းတွေ ချည်းပါပဲ၊ ဒီလို နည်းပြတွေတောင်မှာ အကြိမ်ပေါင်းများစွာ အနီကဒ်ပြ ထုတ်ပယ်ခံခဲ့ရဖူးပါတယ်” လို့ ပြောကြား သွားခဲ့ပါတယ်။

အာတီတာရဲ့ အာဆင်နယ်ဟာ လက်ရှိ ပရီးမီးယားလိဂ် (၁၇)ပွဲကစားပြီးချိန်မှာ ရမှတ် (၄၄) မှတ်အထိ ရရှိထားခဲ့ပြီးတော့ ဒုတိယနေရာက မန်စီးတီးကို ရမှတ်(၅)မှတ်အထိ ဖြတ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီရာသီမှာ အာဆင်နယ်ရဲ့ ခြေစွမ်းပိုင်းက တော်တော်လေး တည်ငြိမ်လျက် ရှိနေတာ ဖြစ်ပြီးတော့ ပရီးမီးယားလိဂ်မှာသာမကပဲ ပြိုင်ပွဲစုံမှာပါ ခြေစွမ်းပြလျက် ရှိနေတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် (၁၇)ပွဲမှာလည်း ရှုံးပွဲ (၁)ပွဲ သာ ကြုံတွေ့ထားလျက် ရှိနေတာ ဖြစ်ပြီးတော့ (၂၀၀၄)နောက်ပိုင်း ဝေးကွာ သွားခဲ့တဲ့ ပရီးမီးယားလိဂ်ဖလားကြီးကို ပြန်လည် ရယူနိုင်ဖို့ အနီးစပ်ဆုံး လမ်းကြောင်းပေါ်မှာ ရှိနေပြီပဲ ဖြစ်ပါတယ်။