ချဲလ်ဆီးနည်းပြဘဝကို ခက်ခဲစွာ စတင်ခဲ့ရပြီနောက် သူ့ရဲ့စီမံမှုပုံစံအပေါ် ပေါ်တာက ကာကွယ်ပြောဆိုလိုက်ပါတယ်။ အင်္ဂလန်နိုင်ငံသားဟာ ပရီးမီးယားလိဂ် ၁၁ ပွဲတွင် ၄ ပွဲသာ အနိုင်ရရှိပြီး ချဲလ်ဆီးနည်းပြအဖြစ် နှစ် ၃၀ အတွင်း ဆိုးရွားတဲ့ စတင်မှုကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ ရလဒ်မကောင်းခဲ့သော်လည်း သူ့ရဲ့ အေးဆေးနဲ့ ပုံစံတွေကြောင့် ပေါ်တာဟာ ဖိအားတွေအောက်သို့ ရောက်နေတာဖြစ်ပါတယ်။ ကလပ်အတွက် ကိုယ်စားပြုပြီး မီဒီယာတွေကို ပြောတဲ့အချိန်မှာ သူဟာ ဒေါသတွေကို ဖုံးကွယ်ထားတာဖြစ်ကြောင်း ပေါ်တာက ပြန်လည်တုန့်ပြန်ထားပါတယ်။

မန်စီးတီးနှင့် ကစားမယ့် အက်ဖ်အေဖလား တတိယအဆင့်ပွဲမတိုင်ခင် ပေါ်တာက “ကျွန်တော်က ဒေါသတွေကို ကောင်းကောင်း ဖုံးကွယ်ထားတာပါ။ ဒီမှာတွေ့နေရတဲ့ ကျွန်တော်ရဲ့ပုံစံက တစ်ချိန်လုံး အဲ့ဒီလိုပုံစံမျိုးမဟုတ်ပါဘူး။ ဒေါ့သထွက်တဲ့အချိန်၊ စိတ်မကြည်လင်တဲ့အချိန်ဆိုတာက သေချာပေါက်ရှိပါတယ်။ ကျွန်တော်က စက်ရုပ်တစ်ရုပ်လိုပြောနေတာမဟုတ်ပါဘူး။ ဖြစ်ပျက်နေတာတွေလည်းရှိပါတယ်” လို့ ပြောပါတယ်။

သတင်းထောက်တွေရဲ့ ဆိုးရွားလှတဲ့မေးခွန်းတွေကြောင့် စိတ်ရှုပ်ခဲ့ရသော်လည်း လေးစားမှုရှိနေရပါတယ်လို့ ဘရိုက်တန် နည်းပြဟောင်းက ဆက်လက်ပြောကြားထားပါတယ်။ “အချို့သော မေးခွန်းတွေက ဆိုးရွားလှသော်လည်း ကျွန်တော့်ရဲ့တာဝန်က မီဒီယာတွေရဲ့ ရှေ့မှောက်မှာ လေးစားမှုအပြည့်ရှိတဲ့ပုံစံနဲ့ ပြောဆိုရတာပါ”

“ဒါပေမဲ့ ကျွန်တော်ဟာ ကလပ်ကို ကိုယ်စားပြုပြီး ဖြေရတာဖြစ်တာကြောင့် အကောင်းဆုံးနဲ့ လေးစားမှုအရှိဆုံး ဖြေကြားတာဖြစ်ပါတယ်။ ပွဲအပြီး ကျွန်တော်က တော်တော်ဒေါသထွက်နေသော်လည်း ဒီကိုလာတာက ချဲလ်ဆီးကို ကိုယ်စားပြုထားတာဖြစ်လို့ အကောင်းဆုံးနည်းလမ်းနဲ့သာ ဖြေကြားတာဖြစ်ပါတယ်” လို့ ပေါ်တာက ထပ်လောင်း ပြောကြားထားပါတယ်။

စတန်းဖို့ဒ်ဘရစ်ချ်မှာ ကစားခဲ့တဲ့ပွဲမှာ မာရက်ဇ်ရဲ့ တစ်ဂိုးတည်းသော အနိုင်ဂိုးကို သွင်းယူခဲ့တာကြောင့် ပေါ်တာအတွက် ဖိအားတွေရှိနေတာပါ။