အက်စတွန်ဗီလာကို အံ့အားသင့်ဖွယ် ပြောင်းရွှေ့ဖို့သတင်းတွေ ထွက်ပေါ်လာတဲ့ နောက်ခံလူ ဟယ်ရီမက်ဂွာရီရဲ့ သတင်းတွေကို မန်ချက်စတာယူနိုက်တက်က ပယ်ချသွားခဲ့ပါတယ်။

မက်ဂွာရီဟာ ဒီရာသီ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ် ၄ ပွဲသာ ပွဲထွက်ကစားသမားအဖြစ် ကစားခွင့်ရခဲ့ပြီး နည်းပြအဲရစ်တန်ဟတ်ကတော့ ရာဖေးလ်ဗာရာနီနဲ့ လီဆန်ဒရိုမာတီနက်ဇ်တို့ကိုသာ သူ့ရဲ့ဦးစားပေးတိုက်စစ်အတွဲအဖြစ် အသုံးပြုလျက်ရှိပါတယ်။

ဒါ့အပြင် ခရစ္စမတ်ကာလအတွင်း ကစားခဲ့တဲ့ပွဲတွေမှာတော့ နည်းပြတန်ဟတ်က မက်ဂွာရီအစား ဘယ်နောက်ခံအစွန်လူ လုခ်ရှောကိုတောင် ဗဟိုခံစစ်မှူးအဖြစ် ပြောင်းလဲအသုံးပြုခဲ့သေးတာကြောင့် မက်ဂွာရီရဲ့ အိုးလ်ထရက်ဖို့ဒ် အနာဂတ်ကလည်း မရေမရာဖြစ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ပိတ်ရက်အတွင်းမှာတော့ မက်ဂွာရီနဲ့ ဗီလာရဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပြီး ဗီလာရဲ့ထရိန်နင်ကွင်းနားက စားသောက်ဆိုင်တစ်ဆိုင်မှာလည်း မက်ဂွာရီကို မြင်တွေ့ခဲ့ရပါတယ်။

ဒါပေမယ့် မန်ချက်စတာညနေခင်း သတင်းရဲ့အဆိုအရတော့ ယူနိုက်တက်နဲ့ မက်ဂွာရီနှစ်ဖက်စလုံးက ဗီလာနဲ့သတင်းကို ကောလာဟလတစ်ခုလို့သာ သတ်မှတ်ထားပြီး အသင်းဘက်ကလည်း သူတို့ရဲ့အသင်းခေါင်းဆောင်ကို အိုးလ်ထရက်ဖို့ဒ်မှာပဲ ရာသီကုန်တဲ့အထိ ဆက်ရှိနေစေချင်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် မက်ဂွာရီကို ဗီလာထရိန်နင်ကွင်းနားက စားသောက်ဆိုင်မှာ မြင်တွေ့ခဲ့ရတာကလည်း The Belfry ဂေါက်ကွင်းမှာ သွားကစားခဲ့တာကြောင့် ဖြစ်ကြောင်းပြောခဲ့ပါတယ်။ တစ်ဖက်မှာလည်း နည်းပြတန်ဟတ်က မက်ဂွာရီကို ယူနိုက်တက်ကနေ ထွက်ခွာအောင် ဖိအားပေးမနေကြောင်း ပြောခဲ့ပါတယ်။