ညက ကစားသွားခဲ့ကြတဲ့ မန်စီးတီးနဲ့ ချဲလ်ဆီးတို့ရဲ့ အက်ဖ်အေဖလားပွဲစဉ်မှာတော့ အိမ်ရှင် မန်စီးတီးတို့ဟာ အိမ်ကွင်းမှာ ချဲလ်ဆီးကို (၄)ဂိုး ပြတ်နဲ့ အနိုင်ယူပြီးတော့ နောက်တဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်တုန်းက ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် စတမ်းဖို့ဒ်ဘရစ်ချ်မှာ တွေ့ဆုံခဲ့စဉ်တုန်းကလည်း ချဲလ်ဆီးတို့ဟာ မန်စီးတီးကို (၁-ဝ)ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် တစစ်ပတ်အတွင်း နှစ်ကြိမ်ဆက် တိုက် ရှုံးပွဲ တွေ့ခဲ့ရခြင်းပဲ ဖြစ်ပါတယ်။

ချဲလ်ဆီးတို့ဟာ အီတီဟတ်မှာ မန်စီးတီးကို ဘယ်လိုမှ ယှဉ်နိုင်ခဲ့ခြင်းမရှိခဲ့ပဲ ဂိုးပေါက်ကန်သွင်းမှုကလည်း (၃)ကြိမ်သာလျင် ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပြီးတော့ (၁)ကြိမ်သာလျင် ဂိုးပေါက်တည့်မတ်ခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီးတို့က လူစာရင်း အပြည့်အစုံနဲ့ အဓိက ကစားသမားတွေကို ပွဲထုတ်ပြီး ရင်ဆိုင်လာခဲ့ပေမဲ့ မန်စီးတီးတို့ကတော့ ဟာလန်းနဲ့ ဒီဘရိုင်းတို့ကို အနားပေးခဲ့တဲ့ အပြင် အရန်ကစားသမား အများစုနဲ့ ပွဲထွက်လာခဲ့တာပဲ ဖြစ်ပါတယ်။


မန်စီးတီးတို့ကတော့ သက်သောင့်သက်သာနဲ့ ကစားသွားခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပြီး အိမ်ကွင်းမှာ အရန်ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့တယ်ဆိုပေမဲ့လည်း လိုအပ်တဲ့ ဂိုးအရေအတွက်ကို သွင်းယူကာ ပြတ်ပြတ်သားသား အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီး အတွက်သွင်းဂိုးတွေကိုတော့ (၂၃) မိနစ်နဲ့ (၈၅)မိနစ်တွေမှာ မာရက်၊ မိနစ်(၃၀)မှာ အဲဗာရက်နဲ့ (၃၈)မိနစ်မှာ ဖိုဒန်တို့က သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲစဉ်မှာ မာရက်ဟာ အလွတ်တည်ကဘောကန်နေတဆင့် ဂိုးသွင်းယူနိုင်ခဲ့သေးတာ ဖြစ်ပြီးတော့ (၂၀၁၉-၂၀)ဘောလုံးရာသီနောက်ပိုင်း ပရီးမီးယားလိဂ်ကစားသမားတွေထဲမှာ ဝက်စ်ပရော့(၁၃ဂိုး)နဲ့ ဂျိမ်းမတ်ဒီဆင် (၇)ဂိုးတို့ ပြီးရင် အလွတ်တည်ကန်ဘော (၆)ဂိုး အထိ သွင်းယူထားတဲ့ တတိယမြောက် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်လျက်ရှိနေပါတယ်။

ဒါ့အပြင် (၂၀၁၂-၁၃) ဘောလုံးရာသီက မန်ယူနိုက်တက် ကစားသမား ဟာနန်ဒက် နောက်ပိုင်း ဘောလုံးရာသီတစ်ခု အတွင်း တွေ့ဆုံခဲ့တဲ့ ပွဲစဉ်တိုင်းမှာ ချဲလ်ဆီးဘက်ကို ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။

ဒီပွဲစဉ်မှာ သွင်းဂိုး တစ်ဂိုးကို ပင်နယ်တီကနေတဆင့် သွင်းယူပေးခဲ့တဲ့ အဲဗာရက်ကလည်း မန်စီးတီးနဲ့ အာဂျင်တီးနားတို့ အတွက် စတင်ပွဲထွက်ကစားခဲ့တဲ့ (၁၀)ပွဲမှာ သွင်းဂိုး(၉)ဂိုးနဲ့ ဂိုးဖန်တီးမှု (၂)ကြိမ် အထိပြုလုပ်ထားနိုင်ခဲ့ပြီး ဂိုးပါဝင်ပတ်သက်မှု (၁၁)ဂိုး အထိ ရှိထားခဲ့တာ ဖြစ်ပါတယ်။

ဖိုဒန် အနေနဲ့လည်း အက်ဖ်အေဖလား နောက်ဆုံး (၅)ပွဲလုံးမှာ ဂိုး သွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင် သွားနိုင်ခဲ့ပြီလည်းပဲ ဖြစ်ပါတယ်။