အခုဇန်နဝါရီမှာ ရီးရဲလ်ကနေ ထွက်ခွာဖွယ်ရှိနေတယ်လို့ သတင်းတွေ ထွက်နေပေမယ့် ဟာဇက် ဖေဖော်ဝါရီမှာ ရီးရဲလ်အသင်းနဲ့ အနာဂတ်အကြောင်းကို ဆွေးနွေးဖွယ်ရှိနေပါတယ်။

အသက် ၃၂ နှစ်သားဟာ ၂၀၁၉ တုန်းက ချဲလ်ဆီးအသင်းထံကနေ ပေါင်သန်း ၁၀၀ နဲ့ ရီးရဲလ်အသင်းထံ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ကြံ့ခိုင်မှုပြဿနာ၊ ဒဏ်ရာ အခြေအနေတွေကြောင့် ဟာဇက်တစ်ယောက် ရုန်းကန်မှုတွေနဲ့သာ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

အက်သလက်တစ်သတင်းဌာနရဲ့အဆိုအရ ဟာဇက်ဟာ ရီးရဲလ်အသင်းရဲ့လုပ်ခလစာအများဆုံး ကစားသမားတစ်ဦးဖြစ်ပြီး တစ်ရာသီကို အခွန်အပါ ပေါင် ၁၃ သန်းရရှိနေတာဖြစ်ပါတယ်။

ရီးရဲလ်အသင်းကတော့ ဟာဇက်အနေအထားကို သဘောမကျဖြစ်နေပြီး ဇန်နဝါရီမှာ ရောင်းထုတ်ချင်နေပါတယ်။ ဒါပေမယ့် ဘယ်လ်ဂျီယံအပြောင်းအရွှေ့က အခုလထဲမှာ ဖြစ်လာဖွယ်မရှိပဲ လာမယ့်လလောက်မှာ ၂ ဦး ၂ ဖက် တွေ့ဆုံညှိနှိုင်းဖွယ်ရှိနေပြီး နွေရာသီမှာ လမ်းခွဲဖို့များနေပါတယ်။

ဟာဇက်ဟာ ရီးရဲလ်အသင်းရဲ့ဈေးအကြီးဆုံး ကစားသမားတစ်ဦးဖြစ်ပေမယ့် ချဲလ်ဆီးမှာတုန်းက စွမ်းဆောင်ရည်မျိုးမပြသနိုင်တာဖြစ်ပါတယ်။ ပြီခဲ့တဲ့ရာသီချန်ပီယံလိဂ်ဖိုင်နယ်တုန်းက ဟာဇက်တစ်ယောက် လူစားဝင်ခွင့်မရခဲ့ပဲ မကြာခင်တုန်းကတော့ ဘယ်လ်ဂျီယံသားဟာ ရီးရဲလ်ပရိသတ်တွေကို ကတိပြုခဲ့ပါတယ်။

“မက်ဒရစ်သားတွေရေ။ ကျွန်တော် ဒီမှာ ၃ နှစ်တာကာလအတွင်း ဒဏ်ရာတွေနဲ့သာ ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော် လာမယ့်နှစ်မှာ အကောင်းဆုံး ပေးဆပ်သွားမှာပါ”လို့ ဟာဇက်က ပြောကြားခဲ့ပါတယ်။

ရီးရဲလ်အသင်းကတော့ အခုဆောင်းဈေးကွက်မှာ ဟာဇက်ကိုရောင်းချဖို့ ပြင်ဆင်နေပေမယ့် ခေါ်ယူမယ့် အသင်းမရှိသေးတာဖြစ်ပါတယ်။ ဟာဇက်ဟာ ဒီရာသီပြိုင်ပွဲစုံ ၂၉၈ မိနစ်အထိ ပါဝင်ကစားခွင့်ရရှိခဲ့ကာ ယူနိုက်တက်ကို ပြောင်းသွားတဲ့ ကက်စ်မဲရိုးက ၂၀၀ မိနစ်အောက်သာ ကစားခွင့်ရခဲ့ပါတယ်။