ပြင်သစ်ကလာတဲ့ သတင်းတွေ အရ ကိုင်လီယမ်အမ်ဘာပေတစ်ယောက် ပီအက်စ်ဂျီမှာ မပျော်ရွှင်ဘူးဆိုတာဟာ တော်တော် လေး သေချာလျက် ရှိနေတယ်လို့ သိရပါတယ်။

လက်ရှိ နောက်ဆုံး ရရှိထားတဲ့ သတင်းတွေ အရ အမ်ဘာပေဟာ အသင်းရဲ့ လက်ရှိ နည်းပြ ဖြစ်သူ ဂယ်လ်တီယာရဲ့ နေရာမှာ တစ်နိုင်ငံထဲသား နည်းပြတစ်ဦးဖြစ်တဲ့ ဇီဒန်းကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ဥက္ကဌဖြစ်သူ ခီလိုင်ဖီကို တောင်းဆိုခဲ့ကြောင်း သိခဲ့ရပါတယ်။

အမ်ဘာပေ အနေနဲ့ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတဲ့ အချိန်မှာ ရီးရဲလ်မက်ဒရစ်ဆီကို ပြောင်းရွှေ့ဖို့ မျှော်လင့်ခဲ့ပေမဲ့လည်း စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ ပီအက်စ်ဂျီနဲ့ပဲ (၃)နှစ် စာချုပ် ချုပ်ဆိုပြီး အသင်းမှာ ထပ်နေဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မကြာသေးခင်ကမှ အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ရာခိုင်နှုန်းများနေတဲ့ မက်ဆီ ရဲ့ အခြေအနေအပေါ်မှာလည်း အမ်ဘာပေဟာ ပျော်ရွှင်မှု မရှိဘူးလို့ သိရပါတယ်။သတင်းတွေ အရတော့ အမ်ဘာပေဟာ လက်ရှိနည်းပြ ဂယ်လ်တီယာနေရာမှာ ဇီဒန်းကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ အလိုရှိနေတယ်လို့ သိရပါတယ်။

အသင်းအတွင်းမှာလည်း မက်ဆီနဲ့ နေမာက တစ်အုပ်စု၊ အမ်ဘာပေ၊ရာမို့စ်နဲ့ ဟာကီမီတို့က တစ်အုပ်စု အဖွဲ့ကွဲလျက် ရှိနေတယ်လို့ဆိုပါတယ်။ နေမာနဲ့လည်း ဆက်ဆံရေးတွေ ကျဲနေတဲ့အပြင် နောက်တစ်ချက်ကတော့ အမ်ဘာပေဟာ ဖရီးရိုးလ်အနေနဲ့ ကစားချင်ပေမဲ့ နံပါတ် (၉)နေရာမှာ ကစားနေရတဲ့ အပေါ်မှာလည်း ပျော်ရွှင်မှု မရှိ ဖြစ်နေပါတယ်။

ဒီအတွက်ကြောင့်ပဲ အမ်ဘာပေတစ်ယောက် ပီအက်စ်ဂျီကနေ ထွက်ခွာဖို့ အလိုရှိနေတာ ဖြစ်ပြီး၊ ပီအက်စ်ဂျီ အနေနဲ့ သူ့ကို အသင်းမှာ ဆက်ထိန်းထားချင်ရင်တော့ ဇီဒန်းကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ လိုတယ်လို့ ဥက္ကဌ ခီလိုင်ဖီကို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

အမ်ဘာပေအခုလို ထွက်ခွာဖို့ရှိနေချိန်မှာ ရီးရဲလ်တို့ကလည်း သူတို့ရဲ့ ကစားသမားအဝယ်စာရင်းထဲ အမ်ဘာပေကို ထပ်မံ ထည့်သွင်းထားတယ်လို့ သတင်းတွေကဆိုပါတယ်။ ဒါ့ကြောင့် ပီအက်စ်ဂျီ အနေနဲ့ အမ်ဘာပေကို အသင်းမှာ ဆက်ထိန်းထားချင်တယ်ဆိုရင်တော့ ဇီဒန်းကို အသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်လိုက်တာက လစာတွေ ပုံပေးထားတာထက်စာရင် ပိုပြီးတော့ စိတ်ချရတဲ့ နည်းလမ်းတစ်ခု အဖြစ်ရှိနေမှာပါ။

ဒါ့အပြင် ရီးရဲလ်မက်ဒရစ်ကို ချန်ပီယံလိဂ်ဖလား (၃)နှစ်ဆက်တိုက်ရရှိအောင် စွမ်းဆောင်ပြထားနိုင်တဲ့ ဇီဒန်းရဲ့ အတွေ့အကြုံတွေကလည်း ဥရောပအောင်မြင်မှုလိုချင်နေတဲ့ ပီအက်စ်ဂျီတို့အတွက် အခွင့်သင့်နေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။