ဝေးလ်နိုင်ငံလက်ရွေးစင် အသင်းရဲ့ ဝါရင့်ကစားသမားတစ်ဦးဖြစ်သလို ဥရောပအင်အားကြီးအသင်း တစ်သင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဆုဖလား ၅ကြိမ်အထိ ဆွတ်ခူးကာ ကမ္ဘာ့အဆင့်ထိပ်သီးကစားသမားတစ်ဦး အဖြစ် နှစ်ကာလရှည်ကြာ ရပ်တည်ထားနိုင်ခဲ့တဲ့ လော့စ်အိန်ဂျလီစ်အသင်းရဲ့ တိုက်စစ်ကစားသမား ဂါရတ်ဘေးလ်က ဘောလုံးကစားသမားဘဝမှ အနားယူလိုက်ပြီဖြစ်တဲ့အကြောင်း တရားဝင်ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။

ဝေးလ်အမျိုးသား လက်ရွေးစင်အသင်းရဲ့ သမိုင်းတစ်လျှောက်ပွဲထွက်ကစားပေးခွင့် အများဆုံးရရှိထားတဲ့ ကစားသမားတစ်ဦးဖြစ်သလို ဂိုးသွင်းအများဆုံး ဝေးလ်လက်ရွေးစင် အမျိုးသား ဘောလုံးသမားအဖြစ်ပါ စံချိန် ရေးထိုးထားနိုင်ခဲ့တဲ့ အသက် ၃၃နှစ်အရွယ် ဘေးလ်အနေဖြင့် ဘောလုံးကစားသမားဘဝမှ အနားယူတော့မှာ ဖြစ်တဲ့အကြောင်းကို လူမှုကွန်ယက်စာမျက်နှာအထက်မှာ ရေးသားကာကြေငြာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဂါရတ်ဘေးလ်က ဝေးလ်နိုင်ငံ ကာဒစ်ဖ်မြို့မှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး ဆောက်သမ်တန်အသင်းမှာ ပရောဖက်ရှင်နယ် ဘောလုံးကစားသမားဘဝကို စတင်ခဲ့သူဖြစ်ကာ တော့တင်ဟမ် အသင်းကို ပြောင်းရွှေ့ကစားရင်း နာမည်ကျော်ကြားလာပြီး ဥရောပ အင်အားကြီးအသင်းတစ်သင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို စံချိန်တင်ပြောင်းရွှေ့ကြေး တစ်ရပ်ဖြင့် ရောက်ရှိကစားခဲ့သလို ၂၀၂၂ ဇွန်လအရောက်တွင် မေဂျာလိဂ်ကလပ် လော့စ်အိန်ဂျလီစ် အသင်းကို ပြောင်းရွှေ့ကစားခဲ့တာလည်း ဖြစ်ပါတယ်။

စပိန်လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဆုဖလား ၅ကြိမ်အထိ ဆွတ်ခူးကာ ကစားသမားဘဝ အောင်မြင်မှုတွေ ပိုင်ဆိုင်ခဲ့ဖူးတဲ့ ဘေးလ်က “ကျွန်တော်သေချာလေး သုံးသပ်စဉ်းစားပြီးမှ နိုင်ငံလက်ရွေးစင်အသင်းနဲ့ ကလပ်အသင်းကစားသမားဘဝကနေ အနားယူဖို့ ကြေငြာလိုက်တာပါ”

“ကျွန်တော် ချစ်တဲ့ ဘောလုံးအားကစားနည်းနဲ့ မယုံကြည်နိုင်လောက်အောင် ခမ်းနားတဲ့ ကစားသမားဘဝကို ပိုင်ဆိုင်ခဲ့ရတာ ကြောင့် ဝမ်းသာမဆုံးဖြစ်နေရပါတယ်” လို့ ဖွင့်ဟ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။