ယနေ့ နံနက် ကစားခဲ့တဲ့ ကာရာဘောင် ဖလား ကွာတားဖိုင်နယ်မှာ ချာတန် အသင်းကို မန်ယူ အသင်း ၃ဂိုးပြတ် အနိုင်ရခဲ့ပြီး ရလဒ်ကောင်းတွေနဲ့ ထပ်မံ ချီတက် ခဲ့ပါတယ်။

မန်ယူ အသင်းတွက် အန်တိုနီက သိပ်ကောင်းတဲ့ ဂိုးတဂိုး သွင်းယူခဲ့ပြီး ပွဲချိန် တနာရီ အရောက်မှာမှ လူစားဝင်လာတဲ့ ရပ်ဖို့ဒ်က ပွဲပြီးခါနီး ၂ဂိုးဆက် သွင်းယူပေးခဲ့လို့ ယူနိုက်တက်တို့ ဂိုးပြတ် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

မန်ယူ အသင်း အနေနဲ့ နောက်ဆုံး ၄ကြိမ်ဆက် ကာရာဘောင် ဖလား ဆီမီးဖိုင်နယ်ထိ တက်ရောက်ထားတာ ဖြစ်ပေမယ့် မော်ရင်ဟို လက်ထက် ၂၀၁၇ ခုနှစ်မှာ ကာရာဘောင် ဖလားနဲ့ ယူရိုပါလိဂ် ဖလား ရရှိပြီး နောက်ပိုင်း ဘာဆို ဘာဖလားမှ အောင်မြင်မှု မရရှိထားတာ ဖြစ်ပါတယ်။

ဂိုးပြတ် နိုင်ပွဲနဲ့ နောက်တကြိမ် ဆီမီးဖိုင်နယ် တက်ရောက် နိုင်ခဲ့ပေမယ့် ဆီမီးဖိုင်နယ် ၄ ကြိမ် တက်ထားတာ ဂုဏ်ယူစရာ မဟုတ်ပဲ ဖလားရမှ အောင်မြင်မှုလို့ ဆိုရမယ် ဆိုပြီး တန်ဟဂ်က ပွဲအပြီး ဆိုသွား ခဲ့ပါတယ်။

” နောက်ဆုံး လေးကြိမ်ဆက် ဆီမီးဖိုင်နယ် တက်ထားတယ်ဆိုတာ ဘာမှ အရေးတယူလုပ် ပြောနေလို့ မရဖူး။ အောင်မြင်မှု ဆိုတာ ဖလားရမှ ဂုဏ်ယူလို့ ရတာမျိုးပါ။ ဒါပေမယ့် ဒီအောင်မြင်မှုကို ရဖို့ တပွဲချင်း အာရုံစိုက်သွားရမှာပါ။ ဒီတော့ ဆီမီးဖိုင်နယ် မဲခွဲမှု ဘယ်လို ဖြစ်မလဲ ကြည့်ကြတာပေါ့။ ဘာပဲ ဖြစ်ဖြစ် ကျွန်တော်တို့က အကောင်းဆုံး ပြင်ဆင် သွားမှာပါ။ ”

ဂိုးပြတ် အနိုင်ရခဲ့တာ ဆိုပေမယ့် ယူနိုက်တက် အသင်း ရပ်ဖို့ဒ်ရဲ့ ဂိုးတွေ မတိုင်ခင် ရရှိတဲ့ အခွင့်ရေးတွေကို ဖြုန်းတီး ဖြစ်ခဲ့တာကြောင့် စိတ်ပျက်ရတယ်လို့ ဆိုခဲ့ပါတယ်။

” ကျွန်တော်တို့ ကစားပွဲကို အကောင်းဆုံး စတင်နိုင်ခဲ့တယ်။ အာရုံစူးစိုက်မှု အပြည့်နဲ့ အားအင်အပြည့် ပြိုင်ဖက် အသင်း ကျွန်တော်တို့ဖက်ကို ရောက်မလာနိုင်အောင် ပထမပိုင်းမှာ အားထည့် ကစားနိုင်ခဲ့တယ်။”

” ပြီးတော့ အခွင့်ရေးတွေ ဖန်တီးတယ်။ တကယ့် ကြီးမားတဲ့ အခွင့်ရေးတွေပါ။ အဲ့ဒီနောက် သိပ်ကောင်းတဲ့ ဂိုးတဂိုး ရတယ်။ အသင်းလိုက် စုစည်းမှုနဲ့ ရလာတဲ့ ဂိုးပေါ့။ အန်တိုနီရဲ့ အဆုံးသတ်မှုက တော်တော်လေး ကောင်းခဲ့တာပါ။ ”

” သူတို့ နောက်ထပ် တိုက်စစ်မှုး တယောက် ထပ်ထည့်တယ်။ ကျွန်တော် သိသလောက်တော့ တိုက်စစ်မှုး သူတို့ ထပ်ထည့်တဲ့ အချိန်မှာလည်း ကျွန်တော်တို့ဖက်ကို သိပ်မထိုးဖောက် နိုင်ခဲ့ဖူး။ ဒါပေမယ့် ကျွန်တော်တို့ ကစားပွဲကို ဒီ့ထက်ပို စောစော ဖြတ်နိုင်ခဲ့သင့်တာပါ။ ”

ယူနိုက်တက် အသင်း အနေနဲ့ ကမ္ဘာ့ဖလား အပြီး ကစားတဲ့ ပွဲစဉ် ၆ပွဲလုံး အနိုင် ရရှိအောင် ကစားထားတာ ဖြစ်လို့ အကောင်းဆုံး ပုံစံ ရနေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရပ်ဖို့ဒ် အနေနဲ့ကလည်း နောက်ဆုံး ၆ပွဲလုံး ဂိုးသွင်းနိုင်ခဲ့တာ ဖြစ်ပြီး သွင်းဂိုး အနေနဲ့ ၇ဂိုးထိ ရရှိထားပါတယ်။

ရပ်ဖို့ဒ် အနေနဲ့ ဒီရာသီ ပြိုင်ပွဲစုံ ဂိုးပါဝင် ပတ်သတ်မှု အကြိမ် ၂၀ ( သွင်းဂိုး ၁၅ဂိုး၊ ဖန်တီးမှု ၅ကြိမ်) ရရှိထားပြီ ရပ်ဖို့ဒ် ဒီလောက် ဂိုးသွင်းကြမ်းနေတာ တခါမှ မမြင်ဖူးဘူးလို့ မက်ဂွဲယားက ပွဲအပြီး ချီးကျူး ခဲ့ပါတယ်။

” ကျွန်တော်ကတော့ သူဒီလောက် ဂိုးသွင်းကြမ်း နေတာ တခါမှ မမြင်ဖူးဘူး။ ဒါပေမယ့် သူဘာလုပ်နိုင်တယ် ဆိုတာ ကျွန်တော် ကောင်းကောင်း သိပါတယ်။ ကျွန်တော် သူ့အကြောင်း ကောင်းကောင်း သိလာတာ ၄နှစ်လောက် ရှိပါပြီ။ ဒီကို မရောက်ခင် အင်္ဂလန် အသင်းမှာထဲက သိထားတာပါ။ ”

” သူ့အကြောင်း လုံလောက်အောင်တော့ စာဖွဲ့ မပြောတတ်ဖူး။ သေချာတာ တခုကတော့ သူ့မျက်နှာမှာ အပြုံးတွေ မြင်ရတာ သိပ်ကောင်းတဲ့ အရာပါပဲ။ ရပ်ဖို့ဒ်က အသင်းတွက် သိပ်ကို အရေးပါတဲ့ ကစားသမားပါ။”

“ဒီရာသီ အောင်မြင်မှုတွေနဲ့ သိမ်းပိုက်ဖို့ သူ့ရဲဂိုးတွေ ထပ်လိုပါတယ်။ ရပ်ဖို့ တယောက် သူ့အတွက်သာ မက အသင်းအတွက် ဒီလို ဂိုးတွေနဲ့ ခြေစွမ်း ပြနေတာ ကျေနပ်ဖို့ ကောင်းလွန်းပါတယ်။ ” ဆိုပြီး မက်ဂွဲယားက ထုတ်ပြော သွားခဲ့ပါတယ်။