ချဲလ်ဆီး အသင်းဟာ မနေ့ကပဲ အက်သလက်တီကို အသင်းကနေ ပေါ်တူဂီ လက်ရွေးစင် ကြယ်ပွင့် နောက်ချန် တိုက်စစ်မှူး ယာအို ဖီးလစ်ကို ရာသီဝက် အငှားနဲ့ တရားဝင် ခေါ်ယူနိုင်ခဲ့ပါတယ် ။ ၄င်းအတွက် ချဲလ်ဆီးတို့ အငှား ပြောင်းရွှေ့ကြေး ယူရို ၁၁သန်း ပေးချေခဲ့ရပြီး ၊ လစာလည်း အပြည့်အဝ တာဝန်ယူထားရပါတယ် ။

ဖီးလစ်ဟာ ဘင်ဖီကာကနေ အက်သလက်တီကိုသို့ လွန်ခဲ့တဲ့ ၃နှစ်ခန့်က ပေါင်သန်း ၁၀၀ကျော်နဲ့ ရောက်လာခဲ့ပေမယ့် ၊ တန်ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုး ထိထိမိမိ မပြသထားရသေးပါဘူး ။ ဒါ့အပြင် နည်းပြ ဖြစ်သူ ဒီယေဂို ဆီမြွန်နီနဲ့ ဆက်ဆံရေး မပြေလည်မှုကလည်း ရှိနေတော့ ချဲလ်ဆီးရဲ့ ကမ်းလှမ်းမှုက ဖီးလစ် အတွက် အပြောင်းအလဲ တခု ဖြစ်စေမှာ သေချာပါတယ် ။

လီဗာပူး ကွင်းလယ်လူဟောင်း ဒန်နီ မာဖီကတော့ အသက် ၂၃နှစ် အရွယ်ရှိ ယင်းပေါ်တူဂီစတားဟာ လက်ရှိ ချဲလ်ဆီး တိုက်စစ် ကစားသမား ၃ဦး ဖြစ်တဲ့ ဟာကင် ဇီယက်ခ်ျ ၊ ခရစ်တီယန် ပူလီဆစ်နဲ့ ကိုင်ဟာဗက်ဇ်တို့ထက် ပိုကောင်းတဲ့ အကြောင်း Talksport နဲ့ တွေ့ဆုံခဲ့ရာမှာ အခုလိုပဲ ထင်မြင်ချက် ပေးသွားပါတယ် ။

မာဖီ က ” ခင်ဗျားသာ ပြောင်းရွှေ့ကြေးနဲ့ ပတ်သက်တဲ့ ငြင်းခုံမှုတွေကို ခဏ ဖယ်လိုက်ရင် ၊ ယာအို ဖီးလစ်ဟာ ကျွန်တော့ အတွက်တော့ ဟာကင် ဇီယက်ခ်ျ ၊ ခရစ်တီယန် ပူလီဆစ် ၊ ကိုင်ဟာဗက်ဇ်တို့ထက် ပိုကောင်းပါတယ် ။ ဒီကစားသမားတွေအစား ကျွန်တော် ယာအို ဖီးလစ်ပဲ ယူပါမယ် ။ ”

” ဖီးလစ်နဲ့ ဟာဗက်ဇ်ဟာ ကစားပေါက်ချင်း ဆင်တူသလိုလို ရှိတော့ သူတို့ ၂ယောက်မှာ ဘယ်သူ့ကို ရွေးမလဲ ဆိုတာက ငြင်းခုံစရာတော့ ဖြစ်ပါလိမ့်မယ် ။ ဒါပေမယ့် ဖီးလစ်ဟာ တောင်ပံတိုက်စစ် နေရာတွေ အတွက်ပါ အပြောင်းအလဲ ရွေးချယ်စရာ တခုခု ပေးစေမှာပါ ။ ”

” သူဟာ ဘောလုံး ကောင်းကောင်း ထိန်းနိုင်ပြီး ၊ ပြိုင်ဖက် နောက်ခံလူတွေကို ကျော်ဖြတ်နိုင်စွမ်း ရှိသလို ၊ နည်းစနစ်ပိုင်းမှာလည်း အထူး ညက်ညောမှု ရှိလှပါတယ် ။ ဒါ့အပြင် သူဟာ သန်သန်မာမာ ရှိပြီး ၊ မှော်ဝင် ပင်ကိုအရည်အသွေးမျိုးလည်း ပိုင်ဆိုင်ထားပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဖီးလစ်ဟာ မနေ့ကပဲ ပရီးမီးယားလိဂ် ယှဉ်ပြိုင်ခွင့် အတွက် အချိန်မှီ မှတ်ပုံတင်နိုင်ခဲ့တာကြောင့် ၊ ယနေ့ည ဖူလ်ဟမ်နဲ့ လန်ဒန်ဒါဘီ ပွဲကို ပါဝင်ခွင့် ရမှာ ဖြစ်ပါတယ် ။ တဖက်မှာ ဖီးလစ် ရောက်ရှိလာတာကြောင့် ကမ္ဘာ့ဖလား နောက်ပိုင်း ပွဲထွက်ခွင့်တွေ ပျောက်ထားတဲ့ ဝါရင့် တိုက်စစ်မှူး ပီယာအမ်းမရစ် အူဘားမီးယန်း အတွက် အခွင့်အရေး နည်းသထက် နည်းလာပြီ ဖြစ်ပါတယ် ။

ဂိုးမိုးတွေ ခေါင်နေကာ နံပါတ် ၉ ကျိန်စာသင့်နေတဲ့ အူဘားမီးယန်းနဲ့ ပတ်သက်ပြီး မာဖီ က ” လူတွေက ချဲလ်ဆီးဟာ နံပါတ် ၉ ကစားသမားမျိုး လိုတယ် ၊ ဂိုးပုံမှန် သွင်းပေးမယ့် ကစားသမားမျိုး လိုတယ်လို့ ပြောကြပါတယ် ။ ဟုတ်ပြီ ၊ အူဘားမီးယန်းဟာ သူ့ရဲ့ ကစားသမား ဘဝ တလျှောက် ထိပ်တန်း ဂိုးသွင်းရှင် အဖြစ်နဲ့ ကျော်ဖြတ်ခဲ့ဖူးပြီး ၊ ဒါကို သူ ပရီးမီးယားလိဂ်မှာ လုပ်ပြထားခဲ့တာပါ ။ ”

” ခင်ဗျားသာ သူ့ဆီ မှန်ကန်တဲ့ ပံ့ပိုးမှုတွေ လုပ်ပေးမယ် ၊ အခု လက်ရှိ ချဲလ်ဆီး ကစားနေတဲ့ ပုံစံထက် ပိုပြီး တိုက်စစ်ဆန်တဲ့ ကစားဟန်မျိုး ချဉ်းကပ်မယ်ဆိုရင် သူဟာ ဂိုးတွေ သွင်းပေးနိုင်တယ် ဆိုတာ ကျွန်တော် လုံးဝ သံသယ မဖြစ်မိပါဘူး ။ ”

” ကျွန်တော် သူနဲ့ ပတ်သက်ပြီး မမြင်ဖူးတာက သူ့ရဲ့ ထရိန်နင် ဖြစ်ပါတယ် ။ သူရဲ့ ခံယူချက်နဲ့ ပတ်သက်ပြီး မေးခွန်းထုတ်တာတွေ ရှိပါတယ် ။ ဒါကို ကျွန်တော် လက်ခံပါတယ် ။ ဒါပေမယ့် ကျွန်တော်ဟာ ကွင်းတွင်း စွမ်းဆောင်ရည် အပေါ် မူတည်ပြီးတော့ပဲ ကစားသမား တယောက်ရဲ့ ခြေစွမ်းကို အကဲဖြတ်လို့ ရနိုင်ပါတယ် ။ ”

” နောက်ပိုင်း ကစားခဲ့တဲ့ ပွဲအနည်းငယ်မှာ သူဟာ ပြေးပြေးလွှားလွှာ ရှိနေခဲ့ပေမယ့် ၊ သူ့ဆီ ဘောလုံး ရောက်မလာခဲ့ပါဘူး ။ မန်စီးတီးနဲ့ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ကစားခဲ့တဲ့ ပွဲကို ပြန်ကြည့်လိုက်ရင် ၊ သူ ဘယ်နှကြိမ် ရှေ့ကို ပြေးတက်သွားပြီး ၊ ဘောလုံး သူ့ဆီ ဘယ်နှခါ ရောက်ခဲ့လဲ ဆိုတာ စောင့်ကြည့်လို့ ရပါတယ် ။ ”

” သူ့ကို မန်စီးတီး တိုက်စစ်မှာသာ ထည့်ကြည့်ပါ ။ အဲဒီမှာသာဆို သူ ဂိုးတွေ အိတ်လိုက် ရပါလိမ့်မယ် ။ ဘာလို့လဲဆိုတော့ မန်စီးတီးဟာ တိုက်စစ်အားသန်ပြီး ၊ ဘောလုံးကို ရှေ့ကိုပဲ ပေးလေ့ရှိတဲ့ ကစားသမားတွေ ပိုင်ဆိုင်ထားလို့ပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။