မနေ့က မနက်ပိုင်းက၊ ဆောက်သမ်တန်ကို ရှုံးနိမ့်ခဲ့တဲ့ ကာရာဘောင်ဖလားပွဲစဉ်အတွင်း ပြသခဲ့တဲ့ စွမ်းဆောင်ရည်မျိုးနဲ့ဆိုရင် လာမယ့်မန်ချက်စတာဒါဘီပွဲစဉ်မှာ သုံးမှတ်အပြည့်ရရှိနိုင်မယ့် အခွင့်အလမ်း တစ်ခုတစ်လေတောင် ရှိလာမှာမဟုတ်ဘူးလို့ နည်းပြ ပက်ဂွါဒီယိုလာက သတိပေးပြောဆိုလိုက်ပါတယ်။

မန်စီးတီးက ဂိုးပေါက်တည့်ကန်ချက် တစ်ကြိမ်မှမရရှိဘဲ ဆောက်သမ်တန်ကို နှစ်ဂိုးပြတ်အရေးနိမ့်ပြီး ကာရာဘောင်ဖလားပြိုင်ပွဲမှ ထွက်ခွာလာရတာပါ။ အခုလို ပွဲစဉ်တစ်ခုအတွင်း ဂိုးပေါက်တည့်ကန်ချက်မရှိတဲ့ မှတ်တမ်းမျိုးက လက်ရှိဘောလုံးရာသီမှာ မန်စီးတီးအတွက် ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

ပက်ဂွါဒီယိုလာရဲ့အသင်းက အခုသီတင်းပတ်ကုန်မှာ ပုံစံကောင်းရနေတဲ့ မန်ချက်စတာယူနိုက်တက်နဲ့ အိုးထရက်ဖို့ဒ်ကွင်းအတွင်း မန်ချက်စတာဒါဘီပွဲစဉ် ယှဉ်ပြိုင်ကစားရဖို့ ရှိနေပါတယ်။ ဒါကြောင့်ပဲ စပိန်သားနည်းပြက သူ့အသင်းအနေနဲ့ တိုးတက်မှုတွေ လိုအပ်နေသေးတယ်ဆိုတာ လက်ခံထားပုံ ရပါတယ်။

ပွဲပြီးသတင်းစာရှင်းလင်းပွဲအတွင်း ပက်ဂွါဒီယိုလာက “ပြိုင်ပွဲကတော့ မတူညီဘူး။ ဒါပေမယ့် ဒီလိုကစားပုံမျိုးသာ ဆက်ကစားမယ်ဆိုရင် ကျွန်တော်တို့ အနိုင်ရရှိဖို့ အခွင့်အလမ်းတစ်ခုတစ်လေတောင် ရရှိမှာမဟုတ်ဘူး။ သူတို့မှာရှိနေတဲ့ အရှိန်အဟုန်ကိုလည်း ကျွန်တော်သိပါတယ်။”

“သူတို့က ဒီလိုအဆင့်အတန်းမျိုး ပြန်လည်ရောက်ရှိလာဖို့ နှစ်ပေါင်းများစွာကြာ စောင့်ဆိုင်းနေခဲ့ရတာပါ။ ကျွန်တော်တို့အသင်းကလည်း ကစားပုံပိုကောင်းလာအောင် ဘယ်လိုကစားရမလဲဆိုတာ အတိအကျသိထားပြီး ဒီအတိုင်းကစားနိုင်ဖို့ ကြိုးစားသွားမှာပါ”လို့ ရှင်းပြခဲ့ပါတယ်။

ဟာလန်းနဲ့ ဒီဘရိုင်းတို့လို အဓိကကစားသမားတွေကို နှစ်ပွဲဆက်ပွဲထွက်ခွင့်မပေးခဲ့တဲ့ သူ့ရဲ့ဆုံးဖြတ်ချက်နဲ့ စပ်လျဉ်းလို့ မေးမြန်းလာချိန် ဂွါဒီယိုလာက “ဟာလန်းနဲ့ ဒီဘရိုင်း ပါဝင်ကစားမယ်ဆိုရင် ကွဲပြားခြားနားသွားလိမ့်မယ်လို့ ဘယ်သူအာမခံသလဲ? ဒါပေမယ့် ပြိုင်ပွဲလေးခုစာ ယှဉ်ပြိုင်ကစားရချိန်မှာ အသင်းမှာရှိတဲ့ ကစားသမားတွေအကုန်လုံးကို အသုံးပြုဖို့က အရေးကြီးပါတယ်”လို့ ဆက်ပြောခဲ့ပါတယ်။

ဆောက်သမ်တန်နဲ့ပွဲစဉ် ရလဒ်ပိုင်းက ပက်ဂွါဒီယိုလာလက်အောက် မန်စီးတီးအသင်းရဲ့ ကာရာဘောင်ဖလားပွဲစဉ် ၃၀ အနက် တတိယမြောက် မိနစ်၉၀ ပွဲကစားချိန်အတွင်းရှုံးနိမ့်မှု ဖြစ်ခဲ့ပါတယ်။ မန်စီးတီးက ပြီးခဲ့တဲ့ ၇ ရာသီအတွင်း ကာရာဘောင်ဖလား ချန်ပီယံဆုကို လေးကြိမ်တိုင် ဆွတ်ခူးနိုင်ခဲ့ပါတယ်။