အန်ဇိုဖာနန်ဒက်ဇ်ဟာ မရေရာတဲ့အနာဂတ်အတွက် ဘင်ဖီကာမှာပဲ ဆက်နေသွားဖို့ရှိနေပြီး သူ့ရဲ့အနာဂတ်ကို ရှင်းရှင်းလင်းလင်းလုပ်သွားခဲ့ပါတယ်။ ကွင်းလယ်ကစားသမားဟာ အပြောင်းအရွှေ့ဈေးကွက်ဖွင့်ချိန်မှာ ချဲလ်ဆီးပစ်မှတ်ဖြစ်ခဲ့ပြီး ခြင်္သေ့ပြာတွေဟာ ကစားသမားအတွက် ကမ်းလှမ်းမှုတစ်ကြိမ်လုပ်ခဲ့တာဖြစ်ပါတယ်။

ဘင်ဖီကာကတော့ မကြာသေးခင်က အာဂျင်တီးနားနှင့်အတူ ကမ္ဘာ့ဖလားရရှိထားတဲ့ အသက် ၂၁ နှစ်အရွယ် ကစားသမားကို ရောင်းချဖို့ ငြင်းဆန်ခဲ့ပါတယ်။

ကစားသမားနှင့် ပေါ်တူဂီကလပ်တို့အကြားမှာ တင်းမာမှုအချို့ရှိနေပြီး အင်္ဂါနေ့ညက ဗာဇင်မ်နှင့် ကစားခဲ့တဲ့ တီကာဒီပေါ်တူဂီ ၁၆ သင်းအဆင့်ပွဲမှာ ဖာနန်ဒက်ဇ်က ဘင်ဖီကာအသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ ကလပ်အတွက်ပါဝင်ကစားခဲ့တဲ့ပွဲမှာ ဖာနန်ဒက်ဇ်က လှပတဲ့ဂိုးကို သွင်းယူခဲ့ပြီး ဘင်ဖီကာကို ကွာတားဖိုင်နယ်သို့ ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

ဂိုးသွင်းယူပြီးနောက် အောင်ပွဲခံတဲ့ပုံစံက သူဟာ အသင်းမှာ ဆက်ရှိနေမယ်ဆိုတဲ့ ပုံစံပေါက်နေတာဖြစ်ပါတယ်။ သူဟာ ရင်ဘက်ပေါ်ကာ ဘင်ဖီကာအသင်းရဲ့အမှတ်တံဆိပ်ကို လက်ဖြင့်ရိုက်ကာ အောင်ပွဲခံခဲ့ခြင်းဖြစ်ပါတယ်။

မြက်ခင်းပေါ်သို့ လက်ဖြင့် ထပ်ခါထပ်ခါ မညွှန်ပြမီ သူ့ကိုယ်သူ ညွှန်ပြခဲ့တာဖြစ်တာကြောင့် သူဟာ အသင်းမှာ ဆက်ရှိနေမယ်ဆိုတဲ့ သဘောသက်ရောက်နေတာဖြစ်ပါတယ်။ ဖာနန်ဒက်ဇ်က ရောင်းချဖို့အတွက် မဟုတ်ပါဘူးလို့ ပွဲအပြီးမှာ ဘင်ဖီကာနည်းပြက ပြောကြားခဲ့ပါတယ်။

“သူ့ကို ကျွန်တော်သဘောကျပါတယ်။ အန်ဇို ပြန်လာခဲ့ပါပြီ။ သူက အကောင်းမွန်တဲ့ အဆင့်အတန်းမှာရှိပြီး အရေးပါတဲ့ သွင်းဂိုးကိုလည်း သွင်းယူပေးခဲ့ပါတယ်။ အားလုံးခြုံကြည့်ရရင် အသင်းက အရမ်းကိုကောင်းခဲ့ပြီး ကစားသမားအားလုံးက အကောင်းဆုံးကစားပေးခဲ့တာပါ။”

“အန်ဇိုရဲ့ စိတ်ဓာတ်နဲ့ပတ်သက်ပြီး ကျွန်တော်ဟာ ဘယ်တုန်းကမှ သံသယမဖြစ်ဖူးပါဘူး။ သူဟာ လူကောင်းတစ်ဦးဖြစ်ပြီး ဘင်ဖီကာအတွက် ကစားပေးရတာကို ပျော်ရွင်နေတာပါ။ သူ့ရဲ့ပြန်လာမှုက အရမ်းကို အရေးပါခဲ့ပြီး အခုတော့ နောက်ထပ်ပွဲတွေကို ကစားဖို့အတွက် အာရုံစိုက်နေပြီဖြစ်ပါတယ်။ ဒီပွဲရဲ့ အကောင်းဆုံး အဆုံးသတ်ဂိုးလည်းဖြစ်ပါတယ်”

“ခရစ္စမတ်ပြီးနောက် ကျွန်တော်တို့က ကောင်းကောင်းမလုပ်နိုင်ခဲ့သော်လည်း ဒီနေ့ပွဲမှာတော့ ကျွန်တော်တို့က ကောင်းကောင်းတုန့်ပြန်မှုတွေလုပ်နိုင်ခဲ့ပါတယ်။ အတက်အကျတွေရှိသော်လည်း ဒါဟာ ရာသီတစ်ခုရဲ့ အစိတ်အပိုင်းဖြစ်တာကြောင့် ကျွန်တော်တို့ လက်ခံရမှာဖြစ်ပါတယ်”

“ဒါပေမဲ့ အသင်းက အမြင့်ဆုံးအဆင့်မှာ တည်ငြိမ်မှုရှိနေရမှာဖြစ်ပါတယ်။ ဒီနေ့ပွဲက ခက်ခဲတဲ့ပွဲဖြစ်ပြီး ဖလားပွဲလည်းဖြစ်ပါတယ်။ ဒုတိယပိုင်းအစမှာ ကျွန်တော်က ကစားပုံပျက်ခဲ့သော်လည်း အနိုင်ရရှိဖို့ ထိုက်တန်ကာ ကွာတားဖိုင်သို့ ရောက်ရှိခဲ့တာကြောင့် ပျော်ရွင်မိပါတယ်” လို့ ဘင်ဖီကာ နည်းပြက ပြောပါတယ်။

ဖာနန်ဒက်ဇ်ရဲ့အောင်ပွဲခံပုံက သူဟာ အသင်းမှာပဲဆက်ရှိနေမယ်ဆိုတာ ပြသနေတာဖြစ်ပြီး ချဲလ်ဆီးကတော့ ဘင်ဖီကာစတားကို ရရှိဖို့အတွက် ဇီယက်ချ် အပြင် အခြားကစားသမားတွေကိုပါ ထည့်သွင်းကာ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်လို့ A Bola က ဖော်ပြထားပါတယ်။ အဆိုပါကမ်းလှမ်းမှုကို ပေါ်တူဂီကလပ်က ငြင်းဆိုခဲ့ပြီးကတည်းက ချဲလ်ဆီးအနေနဲ့ နောက်ထပ်ကမ်းလှမ်းခြင်းမရှိတော့ပါဘူး။

ဘင်ဖီကာဟာ နောက်ထပ်တစ်ပွဲအဖြစ် တနင်္ဂနွေနေ့မှာ စပို့တင်းလစ္စဘွန်းနှင့်ကစားရမှာဖြစ်ပါတယ်။ ဘင်ဖီကာဟာ လက်ရှိ ပရီမီယာလီဂါပွဲစဉ်မှာ ၁ ပွဲသာ ရှုံးနိမ့်ထားပြီး ဒုတိယနေရာက ဘရာဂါကို ၆ မှတ်ဖြတ်ထားတာဖြစ်ပါတယ်။ လက်ရှိအချိန်အထိ အသင်းရဲ့အောင်မြင်မှုတွေမှာ ဖာနန်ဒက်ဇ်က အဓိကအစိတ်အပိုင်းကနေ ပါဝင်နေပြီး ပြိုင်ပွဲစုံမှာ ၂၆ ပွဲအထိ ကစားပေးထားတာဖြစ်ပါတယ်။ ကလပ်နှင့်ပထမဆုံး ရာသီဝက်တွင် သူဟာ ၄ ဂိုးသွင်းယူပြီး ၅ ဂိုး ဖန်တီးပေးထားပါတယ်။