အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်း မတ်တီရို ဂွမ်ဒူဇီဟာ ပရီးမီးယားလိဂ်ကို ပြန်လာနိုင်တယ်ဆိုတဲ့သတင်းတွေ ဒီရက်ပိုင်းအတွင်းမှာ ခပ်စိပ်စိပ်ပဲ တက်လာခဲ့ပါတယ်။ ပြင်သစ်သားဟာ (၂၀၁၈) ခုနှစ်မှာ နည်းပြဟောင်း အူနိုင်း အမ်မရီရဲ့ ခေါ်ယူမှုနဲ့အတူ ဂန်းနားတို့ဆီ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း နည်းပြ မီကေလ် အာတေတာလက်အောက်မှာလည်း စည်းကမ်းပိုင်းဆိုင်ရာ အားနည်းမှုတွေနဲ့အတူ အခွင့်အရေးတွေလည်း နည်းပါးသွားခဲ့ပြီး ဟာသာဘာလင်၊ မာဆေးလ်အသင်းတို့ဆီ အငှားထွက်ကစားခဲ့ရကာ ဒီနှစ်ရာသီ အစောပိုင်းမှာတော့ မာဆေးလ်အသင်းဆီ ပြောင်းရွှေ့ကြေး ပေါင် (၁၀) သန်းဝန်းကျင်နဲ့ အပြီးသတ် ပြောင်းရွှေ့သွားခဲ့ပါတယ်။

မာဆေးလ်မှာတော့ အသက် (၂၃) နှစ်သားဟာ ပွဲထွက်ခွင့် အခွင့်အရေးတွေ ရနေသလို ပုံစံကောင်းလည်း ပြသနေခဲ့တာကြောင့် ခေါ်ယူလိုနေတဲ့ ကလပ်အသင်းအချို့လည်း ရှိလာခဲ့ပါတယ်။ အဲဒီအထဲမှာလည်း ဂန်းနားနည်းပြဟောင်း အူနိုင်း အမ်မရီကိုင်တွယ်နေတဲ့ အက်စ်တွန်ဗီလာအသင်းဟာ အတော်လေးကို အလေးအနက်ထား ကြိုးပမ်းလာခဲ့တယ်လို့ သိရပါတယ်။

Mirror သတင်းဌာနကတော့ အက်စ်တွန်ဗီလာဟာ ဂွမ်ဒူဇီကို အနီးကပ်စောင့်ကြည့်နေပြီး နည်းပြဖြစ်သူ အမ်မရီရဲ့ စိတ်ကြိုက် ကစားသမားဖြစ်တာကြောင့် လက်ရှိ ဇန်နဝါရီလ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာပဲ ခေါ်ယူသွားနိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့်လည်း ဒီနှစ်မှာမှ မာဆေးလ်ကို ပြောင်းရွှေ့ထားသူဖြစ်တဲ့အတွက် ဈေးတော့ မချိုနိုင်ပါဘူး။

မာဆေးလ်ဟာ ဂွမ်ဒူဇီအတွက် ပေါင် (၃၅) သန်း တန်ကြေး သတ်မှတ်ထားတယ်လို့ သိရပြီး တကယ်လို့သာ အက်စ်တွန်ဗီလာအနေနဲ့ ခေါ်ယူသွားနိုင်ခဲ့ရင်တော့ အသင်းဟောင်း အာဆင်နယ်အနေနဲ့လည်း ဒီအပြောင်းအရွှေ့ကနေ အမြတ်ထွက်သွားနိုင်ပါတယ်။

ဘာကြောင့်လည်းဆိုတော့ ဂန်းနားတို့ဟာ ဂွမ်ဒူဇီကို မာဆေးလ်အသင်းဆီ အပြီးသတ်ရောင်းချခဲ့စဉ်မှာ အနာဂတ်ပြန်လည်ရောင်းချမှုကနေ (၁၅) ရာခိုင်နှုန်း ခွဲပေးရမယ်ဆိုတဲ့အချက်ကို ထည့်သွင်းခဲ့တာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ဂွမ်ဒူဇီအနေနဲ့ ဘယ်ကလပ်အသင်းကိုပဲ ပြောင်းရွှေ့သည်ဖြစ်ပါစေ အာဆင်နယ်ဟာ မာဆေးလ်ရတဲ့ ပြောင်းရွှေ့ကြေးရဲ့ (၁၅) ရာခိုင်နှုန်းကို ခံစားခွင့် ရှိနေမှာပါ။

အာဆင်နယ်ဟာ လက်ရှိအပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ လူအင်အားဖြည့်တင်းဖို့ ကြိုးစားနေပြီး ရှက်တာဒိုးနက်အသင်းရဲ့ ကြယ်ပွင့်လေး မိုင်ခေလို မာဒရစ်ခ်ကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားပေမယ့် လက်ရှိအချိန်အထိတော့ သဘောတူညီမှု မရသေးဘဲ အသင်းနှစ်သင်းကြား ညှိနှိုင်းနေရဆဲ ဖြစ်ပါတယ်။