မန်ယူနိုက်တက် အပါအဝင် ကလပ်အသင်းတော်တော်များများက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပြီး စိတ်အားထက်သန် နေခဲ့တာကြောင့် အက်သလက်တီကို ကစားသမား ဖီးလစ်ဟာ အသင်းသစ်မှာ အများကြီး မျှော်လင့်ချင်စရာ ကောင်းခဲ့တာပါ။

ဒီလို အခြေအနေမျိုးမှာ ချဲလ်ဆီးတို့က ထိပ်တန်းအသင်းတွေထက် လက်ဦးမှု ရယူပြီးတော့ ဖီးလစ်ကိုခေါ်ယူနိုင်ခဲ့တာကြောင့် ယိုင်နဲ့နေတဲ့ အသင်းအတွက် အများကြီး အကျိုးဖြစ်ထွန်းစေမယ့် အပြောင်းအရွှေ့ တစ်ခု အဖြစ် ယုံကြည်ခဲ့ကြပါတယ်။

ဒါပေမဲ့ ဖီးလစ်ရဲ့ လုပ်ပုံကတော့ ဆရာကြီးလာမှပဲ ကျွန်တော်တို့ ရွာလေးလည်း ပြာကျသွားခဲ့ရပါပြီဆိုသလို ပွဲဦးထွက်မှာတင် စိတ်ပျက်လောက်အောင် လုပ်ချသွားခဲ့တာ ဖြစ်ပါတယ်။

ညက ကစားခဲ့တဲ့ ဖူဟမ်နဲ့ ချဲလ်ဆီးတို့ရဲ့ ပွဲစဉ်မှာ ဖီးလစ်ဟာ ပွဲထွက်ကစားသမားအဖြစ်ပါဝင်ကစားခဲ့ပြီးတော့ ခြေစွမ်း အရလည်း မဆိုးတဲ့ အနေအထားမျိုး ပြသသွားနိုင်ခဲ့တာကို မြင်တွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ဖီးလစ်တစ်ယောက် ပွဲကစားချိန် (၅၈)မိနစ်မှာတော့ တိုက်ရိုက် အနီကဒ်နဲ့ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပြီး ဖူဟမ်ကစားသမားကို တော်တော်လေး ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုမျိုးနဲ့ ဖျက်ထုတ်ပစ်ခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။

ပွဲဦးထွက်ပွဲစဉ်မှာတင် တိုက်ရိုက်အနီကဒ်နဲ့ ထုတ်ပယ်ခံလိုက်ရတဲ့ ဖီးလစ်တစ်ယောက် ချဲလ်ဆီးအသင်းသမိုင်းမှာ ပွဲဦးထွက်ကစားသမားဘဝမှာတင် အနီကဒ်နဲ့ ထုတ်ပယ်ခံရတဲ့ ပထမဆုံးသော ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ပရီးမီးယားလိဂ်သမိုင်းမှာ (၂၀၁၄)ခုနှစ်က စပါးကစားသမား ဖာဇီယိုနောက်ပိုင်း ပွဲဦးထွက်ပွဲစဉ်မှာတင် တိုက်ရိုက် အနီကဒ်နဲ့ ထုတ်ပယ်ခံရတဲ့ ပထမဆုံး ကစားသမားအဖြစ်ပါ မှတ်တမ်းဝင်သွားခဲ့ရတာ ဖြစ်ပါတယ်။

အခုလိုတိုက်ရိုက် အနီကဒ်နဲ့ ထုတ်ပယ်ခံခဲ့ရတဲ့ အကျိုးဆက် အနေနဲ့ ချဲလ်ဆီးတို့လည်း ရှုံးပွဲကြုံတွေ့ သွားခဲ့ရပြီးတော့ အဝေးကွင်းမှာ (၂-၁)ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်သွားခဲ့ရပါတယ်။

ဖူဟမ်အတွက် သွင်းဂိုးတွေကို ဝီလီယမ်နဲ့ ဗင်နီရှပ်တို့က ပွဲကစားချိန် (၂၅)မိနစ်နဲ့ (၇၃)မိနစ်တွေမှာ သွင်းယူပေးခဲ့တာ ဖြစ်ပြီး၊ ချဲလ်ဆီးအတွက်ခြေပဂိုးကိုတော့ ကူလီဘလီက ပွဲကစားချိန် (၄၇)မိနစ်မှာ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ချဲလ်ဆီးတို့ အနေနဲ့ ပြိုင်ပွဲစုံ (၈)ပွဲမှာ (၆)ပွဲအထိ ရှုံးနိမ့်ထားခဲ့တာ ဖြစ်ပြီးတော့ (၁)ပွဲနိုင် (၁)ပွဲ သရေ ရလဒ်တွေ ပိုင်ဆိုင်ထားခဲ့တာပဲ ဖြစ်ပါတယ်။ (၁၉၉၃)ခုနှစ် ဒီဇင်ဘာနောက်ပိုင်း အဆိုးရွားဆုံး အခြေအနေတစ်ခုအဖြစ် ကြုံတွေ့ခဲ့ရတာလည်းပဲ ဖြစ်ပါတယ်။

မည်သို့ပင်ဆိုစေကာမူ ချဲလ်ဆီးရဲ့ အခြေအနေက ကယ်တင်ရှင်တစ်ယောက်ကို လိုအပ်နေခဲ့ပြီးတော့ ပရီးမီးယားလိဂ် (၁၈)ပွဲကစားပြီးချိန်မှာ ရမှတ် (၂၅)မှတ်နဲ့ အဆင့် (၁၀)နေရာမှာ ရပ်တည်နေတဲ့ အခြေအနေက အသင်းအတွက် တော်တော်လေးတော့ စိုးရိမ်စရာ ဖြစ်နေခဲ့ပြီလို့ ဆိုရတော့မှာ ဖြစ်ပါတယ်။

ဂျာအိုဖိလစ်ရဲ့ အနီကဒ်နဲ့ ပတ်သက်ပြီး ချဲဆီးနည်းပြ ဂရေဟမ် ပေါ်တာက” ရှေ့ကနေ ဖြတ်ထုတ်သလိုမျိုး ဖြစ်ခဲ့တာပေါ့။ ကြမ်းလည်း ကြမ်းခဲ့တယ် ပြောရမယ်။ ဒါပေမယ့် တမင်လုပ်တာမျိုးတော့ မဟုတ်ဖူး။ ဒါပေမယ့် ဘာလို့ အထုတ်ခံရလည်း နားလည်ပါတယ်။ ဒီပွဲစဉ်ရဲ့ နောက်ထပ် ထိုးနှက် ချက် တခုပါပဲ။ ”

” သူကစားတတာ ကောင်းတယ်လို့ ထင်ထားခဲ့တာ။ အားလုံးလည်း သူ့ရဲ့ အရည်အသွေးကို မြင်ခဲ့ရမှာပါ။ သူထွက်ရတော့ စိတ်ပျက်တာ ၂ဆ ဖြစ်ရယ်။ ကျွန်တော် အသင်းနဲ့ ပတ်သက်တဲ့သူတွေ၊ ပရိတ်သတ်တွေအတွက် ကိုယ်ချင်းစာပါတယ်။ တိုးတက်မှုတွေ ရှိတယ် ဆိုပေမယ့် စိတ်ပျက်စရာတွေလည်း ရှိတယ်။ ”

” ဒါပေမယ့် အကောင်းဆုံး ကြိုးစားဖို့ကလွဲပြီး တခြား အဖြေ မရှိပါဖူး။ အတူတကွ ရှေ့ဆက် ရပ်တည်ရမယ်။ အာရုံ စူးစိုက်မှု အပြည့်နဲ့ နောက်ပွဲတွေမှာ ၃မှတ် ရအောင် ကြိုးစား ရပါမယ်။” ဆိုပြီး ချဲဆီး နည်းပြ ဂရေဟမ် ပေါ်တာက ထုတ်ပြောသွား ခဲ့ပါတယ်။