မန်ယူကိုဝက်ဟော့ဆိုတဲ့ အရပ်ထောင်ထောင်မောင်းမောင်းတိုက်စစ်မှူးတစ်ယောက် ရောက်လာပါပြီ။ ဘန်လေအသင်းရဲ့ကစားသမား၊ ဘီဆစ်တက်မှာအငှားထွက်ကစားနေတာကို တိုက်စစ်မှူးလိုတဲ့အတွက် ပေါချောင်ကောင်းလေးခေါ်ခဲ့တာဖြစ်ပါတယ်။

ပြောင်းရွှေ့ကြေးယူရိုနဲ့မှ (၃)သန်းပဲပေးရတဲ့အပြင် အပြီးသတ်ခေါ်ယူခွင့်ကလည်း (၁၀)သန်းပဲပေးရတာကြောင့် တန်ဟတ်ရဲ့လုပ်ရပ်ကို အားလုံးအံ့အားသင့်နေပါတယ်။ မန်ယူဂျာစီကိုဝတ်ဖို့ဆိုတာ တော်ရုံလူမရဘူးပြောပြီးမှ ဝက်ဟော့ကိုခေါ်ခဲ့လို့ပါ။

ဒီလိုပြောလို့ဝက်ဟော့က ဘာဖြစ်နေလဲဆိုရရင် သူ့ရဲ့မှတ်တမ်းကြောင့်ပါပဲ။ ကမ္ဘာကျော်ဝက်ဘ်ဆိုက်တွေဖြစ်တဲ့ Whoscored နဲ့ Squawka ရဲ့ တွက်ချက်မှုတွေအရ ဝက်ဟော့ဟာ ချဲလ်ဆီးရဲ့တီမိုဝါနာနဲ့ လူကာကူကိုပေါင်းထားတာနဲ့သွားတူနေပါတယ်။

ဝက်ဟော့ဟာ Signature (ထူးခြားချက်)လို့ဆိုနိုင်မယ့် စွမ်းဆောင်ရည်မရှိပါဘူး။ ဥပမာ-ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားကို လူစားဝင်လာပြီး၊ ခေါင်းဘောနှစ်ဂိုးသွင်းသွားလို့ ခေါင်းတိုက်ဘောကောင်းလားမေးရင် ခေါင်းတိုက်ဘောမကောင်းဘူးလို့ အချက်အလက်ကဖော်ပြနေပါတယ်။

ဘန်လေအသင်းမှာကစားတုန်းကလည်း တစ်ရာသီလုံးမှ (၁)ဂိုးပဲသွင်းထားသလို ပရီးမီးယားလိဂ်မြေမှာ အသားမကျခဲ့သူပါ။ မော်ဒန်နည်းစနစ်တွေကစားတာမှာ လုံးဝမကောင်းဘဲ ခေတ်ဟောင်းနံပါတ် (၉)တိုက်စစ်မှူးနဲ့ ပုံစံတော်တော်လေး ဆင်ပါတယ်။

နေရာယူတာ၊ အဆုံးသတ်တာ၊ ပြေးထွက်တာ၊ အမြန်နှုန်း ဘာတစ်ခုမှ ကမ္ဘာ့အဆင့်မရှိပါဘူး။ အရပ် (၆)ပေ (၆)လက်မ ရှိတာတစ်ခုပဲရှိပါတယ်။ နောက်တစ်ချက်က တူရကီလိဂ်မှာ ဒီရာသီ ဂိုးပါဝင်ပတ်သက်မှု (၁၂)ဂိုးရှိပေမဲ့ အပိုင်ခွင့်ရေးလွဲချော်မှုအများဆုံးကလည်း ဝက်ဟော့ပါပဲ။

(၁၃)ကြိမ်တိတိရှိပြီး၊ ဒါဟာ တူရကီလိဂ်ရဲ့အပိုင်အခွင့်ရေးဖြုန်းတီးမှုအများဆုံးဖြစ်ပါတယ်။ တီမိုဝါနာနဲ့ လူကာကူတောင် ပရီးမီးယားလိဂ်မှာရှယ်ဖြုန်းပေမဲ့ သက်ဆိုင်ရာလိဂ်တွေပြန်ရောက်သွားရင် ဆရာကျသွားချိန်မှာ တူရကီလိဂ်မှာတောင်ဝက်ဟော့က ဆရာကျမနေပါဘူး။

ဒီမှတ်တမ်းတွေက မလိမ်တာမလို့ တန်ဟတ်သာ တကယ်ပြောင်းလဲပေးနိုင်ခဲ့ရင် ရွှေဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ နဂိုကတည်းက ထူးခြားတဲ့မှတ်တမ်းမရှိသလို အပိုင်ခွင့်ရေး အလွဲဆုံးကစားသမားတစ်ယောက်ကို အများကြီးမျှော်လင့်ထားရင်တော့ လက်ကျန်ရာသီမှာ မန်ယူပရိသတ်တွေ ခံစားသွားရဖို့ရှိနေပါတယ်။